စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင် ကျေးရွာအချို့မှ ဒေသခံ အများစုမှာ နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများက ပြောသည်။
သတင်းရင်းမြစ်တစ်ဦးက “အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေနဲ့ မြို့ခံတချို့လောက်ပဲ ပြန်ကြတာရှိတယ်။ အများစုကတော့ မပြန်ရဲကြသေးဘူး။ အဓိကတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်ကြတာရှိသလို နောက် ဆက်တွဲ လုံခြုံရေးဆိုင်ရာ အကြောင်းတွေကြောင့် မပြန်ရဲကြသေးဘူး။ စော်ဘွားရေရှင်၊ ဖက်ယားရေရှင်၊ ကျွန်းတောရေရှင် ရွာခံအချို့ဆို ခမ်းပတ်တိုက်ပွဲဖြစ်ကတည်းက ပြန်ဝင်သွားကြတာလည်း ရှိပါတယ်” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နှစ်နှစ်ကျော်ကြာ ထိန်းချုပ်လာခဲ့ သည့် အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူး လမ်းကြောင်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုက ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဩဂုတ်လ ၁ ရက်နေ့တွင်ပင် ခမ်းပတ်မြို့၌ အစိုးရယန္တရားများ ပြန်လည်လည်ပတ်နိုင်ရန်အတွက် ဌာနဆိုင်ရာရုံး များ အင်အားဖြည့်တင်းကာ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းနှင့် ဆေးရုံများ ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅ ဦးနှင့် မှီခို ၂ ဦးတို့သည် ကူညီထောက်ပံ့ရေး ပစ္စည်းများနှင့်အတူ ပြန်လည် ဝင်ရောက်ခဲ့ ကြောင်းလည်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသည့် ကလေး - တမူး လမ်းကြောင်းကို စစ်တပ် ဘက် က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကစတင်ကာ တမူးဘက်နှင့် ကလေးမြို့ ဘက်တို့မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် နှစ်ဖက်ညှပ်ကာ မြေပြင်သာလွန်အင်အား အပြင် လေကြောင်း တိုက်ခိုက်မှုများပါ အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်လာမှုကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ နှစ်နှစ်ကျော်အကြာ ထိန်းချုပ်ထားခဲ့သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့၊ ကနန်ကျေးရွာနှင့် အနီးဝန်းကျင် ဒေသများကို ပြန်လည် လက်လွတ်ခဲ့ရပြီး ယခုရက်ပိုင်းအတွင်းမှာပင် စစ်တပ်က ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။







