မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ များကို တင်းကျပ်လာသည့် အခြေအနေကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်များအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ကလည်း ဒုက္ခသည် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးရာတွင် ပိုမိုတင်းကျပ်သည့် ထိန်းချုပ်မှုများ မလုပ်ဆောင်ပါက UNHCR နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်များ အနေဖြင့် နေထိုင်ခွင့်၊ အလုပ်အကိုင်၊ လုံခြုံရေးနှင့် အနာဂတ်အခြေအနေများအပေါ် စိုးရိမ်မှုများ ရှိလာနေကြောင်း မွန်ဒုက္ခသည်အရေး ကူညီဆောင် ရွက်နေသူ တစ်ဦးက ပြောသည်။
“အခြေအနေတွေက ဒီလိုဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေက အလုပ်ရှာဖွေဖို့ ခက်ခဲလာကြတယ်။ ဖမ်းဆီးမှု တွေကလည်း အရမ်းများလာတယ်။ ဥပမာပြောရရင် ရိုဟင်ဂျာ ၁၄၀ ယောက် နေနေတဲ့နေရာကနေ မောင်း ထုတ်ခံရလို့ UNHCR ရုံးရှေ့မှာ လာစုပြုံနေတာ၊ အဲ့ညမှာပဲ ရဲကား ၃ စီးလာပြီး ဖမ်းခေါ်သွားတယ်။ လက်ရှိမှာ လုပ် ငန်းရှင်တွေကလည်း ဒုက္ခသည်တွေအတွက် အလုပ်မပေးချင်ဘူး။ မလေးလူမျိုးတွေကလည်း အခက်တွေ့ အောင်လုပ်ပြီး နေတဲ့နေရာတွေကနေ မောင်းထုတ်တာလည်း အများကြီးတွေ့ရတယ်။”
မလေးရှားအစိုးရ၏ မူဝါဒပြောင်းလဲမှုများနှင့် ပတ်သက်၍ UNHCR အနေဖြင့်လည်း အသေးစိတ် အချက် အလက်များကို မသိရှိရသေးသဖြင့် ဒုက္ခသည်အသိုင်းအဝိုင်းအတွင်း မသေချာမှုများ ရှိနေသည်။
ထို့ပြင် လူမှုကွန်ရက်များပေါ်တွင် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များ ဖြန့်ဝေမှုများ ရှိလာခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ရှာဖွေစစ်ဆေးဖမ်းဆီးမှုများကိုလည်း ပိုမိုကြုံတွေ့လာရကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
လက်ရှိအချိန်အထိ UNHCR ၏ မှတ်ပုံတင်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များကို ယာယီရပ်နားပေးရန် မလေးရှား အစိုးရက တောင်းဆိုထားသော်လည်း လက်ရှိတွင် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။
မွန်ဒုက္ခသည်အရေး ကူညီဆောင် ရွက်နေသူ က “တိုင်းရင်းသား ဒုက္ခသည်တွေ အနေနဲ့ ဒီကိစ္စတွေဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြပါတယ်။ အခု UNHCR မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ယာယီရပ်နားဖို့ ပြော ထားပေမယ့် အသေးစိတ် အခြေအနေကိုတော့ မရှင်းလင်းသေးပါဘူး။ ဒါကြောင့် လက်ရှိလုပ်ငန်းစဉ်တွေက အရင်အတိုင်းပဲ ဆက်လက် လည်ပတ်နေပါတယ်” ဟု ပြောသည်။
မလေးရှားရောက် မြန်မာဒုက္ခသည်များအတွက် UNHCR မှတ်ပုံတင်ခြင်းသည် ဖမ်းဆီးခံရမှုအန္တရာယ်မှ ကာ ကွယ်ရေး၊ အခြေခံအကူအညီများ ရရှိရေးနှင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အခွင့်အလမ်းများ အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
လက်ရှိတွင် မလေးရှားရောက် မြန်မာဒုက္ခသည်များသည် UNHCR နှင့် ပတ်သက်သည့် အစိုးရ၏ ဆုံးဖြတ်ချက် များကို စောင့်ကြည့်နေရပြီး မိမိတို့၏ အနာဂတ် လုံခြုံရေး နှင့် နေထိုင်ခွင့် အခြေအနေများအပေါ် စိုးရိမ်လျက် ရှိနေကြသည်။
မလေးရှားနိုင်ငံတွင် UNHCR စာရင်းများအရ ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၂ သိန်းနီးပါး ရှိပြီး အများစုမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ကြသည်။







