ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။
ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟူ၍ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စစ်တပ်၏ ကြေညာချက်မှာ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချိမှုသာဖြစ်ကြောင်း CDF - ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အခုလက်ရှိအခြေအနေက ထန်တလန်မြို့မှာ တချို့နေရာတွေမှာ ကျနော်တို့ ခြေကုတ်နေရာယူထားတာ ရှိ သေးတယ်။ သူတို့က အကုန်လုံး ထိန်းချုပ်ထားတယ်လို့ ကြေညာထားပေးမယ့် သူတို့က လိမ်ညာမှုသာ ဖြစ် ပါတယ်ဆိုတာ သိစေချင်ပါတယ်။ အခုလက်ရှိ ဒီအနေအထားမှာလည်း နေ့စဉ်မပြတ် စောင့်ကြည့်ပြီးမှ ဘယ် အချိန် တိုက်ပွဲ ပြန်စဖြစ်မလဲဆိုတာ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒရုန်းဗုံးကတော့ ကျနော်တို့ ဘက် အနေနဲ့လည်း ထု (ပစ်)နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ထိန်းချုပ်ထားတယ်လို့ ပြော ထားပေမယ့် သူတို့ကြိုက်တဲ့ နေရာကို မသွားလာနိုင်ပါဘူး။ သူတို့ ခြေကုတ်ယူထားတဲ့ နေရာမှာပဲ အထိုင် စခန်းပုံစံနဲ့ ချနေ တာပဲ ဖြစ်ပါတယ်။”
ဇွန်လဆန်းပိုင်းက ဟားခါး-ထန်တလန်လမ်းကြောင်းမှတစ်ဆင့် စစ်အင်အားရာနှင့်ချီ ဖြည့်တင်းကာ ထိုးစစ်ဆင်ခဲ့ ပြီးနောက် မြို့ပေါ်ရှိနေရာ ၁၁ နေရာခန့်တွင် စစ်တပ်က အထိုင်စခန်းများဖြင့် ခြေကုတ်ယူထားသည်။
လက်ရှိတွင် ထန်တလန်မြို့၏ ၇၅ ရာခိုင်နှုန်းခန့်ကို စစ်တပ်က နေရာယူစိုးမိုးထားပြီး ကျန်ဧရိယာများကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။
စစ်တပ်၏ ထန်တလန်မြို့သိမ်းဆည်းမှု ထုတ်ပြန်ချက်သည် ဒေသခံပြည်သူများကို ဖလမ်းမြို့ပုံစံကဲ့သို့ ပြန်လည် ထူထောင်ရေးခေါင်းစဉ်ဖြင့် စည်းရုံးနိုင်ရန်နှင့် စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့် ကြေညာခြင်းဖြစ်ကြောင်း ဆိုသည်။
ဇွန်လ ၄ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအပြင် အဆိပ်ငွေ့ ပါသော ဓာတုဗုံးများကိုပါ အသုံးပြုခဲ့ကြောင်း CDF - ထန်တလန်က ထုတ်ဖော်ပြောဆိုထားသည်။
တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဝန်းကျင် သေဆုံးကာ ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း CNA နှင့် CDF - ထန်တလန်မှ ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
ထို့ပြင် မြို့ပေါ်ရှိ ဘာသာရေးအဆောက်အအုံများနှင့် နေအိမ်ရာချီကို တော်လှန်ရေးတပ်များက ဖျက်ဆီးသည်ဟု စစ်တပ်က ဝါဒဖြန့်နေသော်လည်း ထန်တလန်နှစ်ခြင်း ဘုရားကျောင်းကြီး အပါအဝင် အဆောက်အအုံများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။







