ဟားခါးမြို့တွင် ရဲတပ်ရင်းမှူးနှင့် ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

ဟားခါးမြို့တွင် ရဲတပ်ရင်းမှူးနှင့် ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြို့တွင်းပစ်ခတ်မှုအတွင်း အမှတ် (၁၄) ရဲတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်အောင်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) က ပြောသည်။

ပစ်ခတ်မှုမှာ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဂန့်ဂေါလမ်းမပေါ်၌ ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

CDF-Hakha ၏ မြို့တွင်းစစ်ဆင်ရေးအတွင်း အဆိုပါ ရဲအရာရှိနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတိုတစ်လက်နှင့် မိုဘိုင်းဖုန်းသုံးလုံးကို သိမ်းဆည်းရမိခဲ့သည်။

CDF-Hakha ဥက္ကဋ္ဌ က “သူက ရာထူးကြီးတော့ လုံခြုံရေးလည်းကောင်းတာပေါ့၊ ဒါပေမဲ့ ကျနော်တို့ လိုက်နေ တာကြာပြီ။ ဒီမနက် အရပ်ဝတ်နဲ့ ရုံးသွားချိန်မှာ ပစ်ခတ်ခဲ့တာ။ ရဲတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟုတ်ပါတယ်။ အတည်ပြုတဲ့ နည်းလမ်းကိုတော့ ပြောပြလို့ အဆင်မပြေပါဘူး” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ယခင် မတ်လအတွင်း ဟားခါးမြို့၌ ဒေသခံလူငယ် သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်တွင် အဓိက တာဝန်ရှိသူဟု ယူဆရသော ရဲတပ်ရင်းမှူးကို စောင့်ကြည့်ပြီးနောက် လက်တုံ့ပြန်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

CDF-Hakha တပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်မှုအပြီးတွင် ဘေးကင်းလုံခြုံသည့်နေရာသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဟားခါးမြို့၏ အဝင်အထွက် လမ်းကြောင်း များကို ပိတ်ဆို့ထားပြီး ပြည်တော်သာရပ်ကွက်အတွင်း လုံခြုံရေးစစ်ဆေးမှုများ တင်းကျပ်စွာ ဆောင်ရွက် လျက် ရှိသည်။

CDF-Hakha အနေဖြင့် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ဟားခါးမြို့အခြေစိုက် ရဲတပ်ဖွဲ့က ဦးထောင်ဗန်မန်း၊ ဦးဒေါ့ဒ်လှေစိန်းနှင့် ဦးထောင်တင်လျန်တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အတွက် ယခုကဲ့သို့ တုံ့ပြန်ဆောင် ရွက်ခြင်း ဖြစ်ကြောင်းနှင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်တုံ့ပြန် သွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...