ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ရန် စစ်တပ် ပြင်ဆင်

ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ရန် စစ်တပ် ပြင်ဆင်

အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း အမြောက်အမြားဖြင့် ဝင်ရောက်အခြေချရန်နှင့် အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ရန် ပြင်ဆင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လက်ရှိ ခမ်းပတ်မြို့သည် စစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိနေခြင်းမျိုး မဟုတ်သေးဘဲ အမှတ် (၁) ရပ်ကွက်၊ ချင်းပြည်ဘက်သို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် နှစ်ဖက်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

“တနင်္လာနေ့တုန်းကတော့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်၊ နှစ်ဖက်အကျအဆုံးတွေလည်း ရှိခဲ့တယ်လို့ ကြားရတယ်။ မနေ့ကတော့ ပြန်ငြိမ်တယ်၊ ကနန်ဘက်မှာတော့ မကြာခဏ ထိတွေ့မှုတွေ ရှိနေတုန်းဖြစ်တယ်။ ကြားသိရသလောက်ကတော့ ကားအစီးရေ အများကြီးနဲ့ Non-CDM ဝန်ထမ်းတွေလည်း ရောက်လာနေကြပြီ လို့ သိရတယ်။ လက်ရှိ ခမ်းပတ်မြို့နားက ကျွန်းတောရေရှင်ရွာက ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သလို ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း အမှတ် (၁) ရပ်ကွက်အတွင်းရှိ အရပ်သားနေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ခမ်းပတ်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သုံးနှစ်ခန့်အကြာတွင် မြို့၏နေရာအများစုကို စစ်တပ်က ပြန်လည်ဝင်ရောက် ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ခမ်းပတ်မြို့အတွင်း စစ်တပ်က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ရန် ကြိုးပမ်းနေ သော်လည်း တိုက်ပွဲများမှာ မြို့၏ အချို့နေရာများတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် နယ်မြေ လုံခြုံရေးမှာ အပြည့်အဝ တည်ငြိမ်ခြင်းမရှိသေးပေ။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...