တောင်မော်ဦးရေတပ်အနီး တိုက်ပွဲပြင်းထန်၊ လေကြောင်းမှ ညအချိန်ဗုံးကြဲ

တောင်မော်ဦးရေတပ်အနီး တိုက်ပွဲပြင်းထန်၊ လေကြောင်းမှ ညအချိန်ဗုံးကြဲ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်တပ်က လေကြောင်းမှတစ်ဆင့် ညအချိန်တွင် စစ်ပွဲဧရိယာ ပတ်ဝန်းကျင်သို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်တပ်၏ အင်အားဖြည့်တင်းထားသော အဝတောင်စခန်းနှင့် ရှေ့ထွက်စစ်ကြောင်းအချို့သည် ယခုရက်ပိုင်း အတွင်း အထိနာမှုများရှိနေသဖြင့် လေကြောင်းမှ ညအချိန် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ပုံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက သုံးသပ်ကြသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းပြင်းထန်ထန်တော့မဟုတ်ဘူး။ AA ကအသားစီးရမှ ဝင်တိုက်တာတွေ ရှိတယ်။ တခြား စစ်ကူစစ်ကြောင်းတွေကိုလည်း အလစ်ငိုက် ဝင်တိုက်ထားတာတွေလည်း ရှိတယ်။ စကစ ဘက် က အထိနာနေတာတွေ ရှိတော့ ညအချိန်လေကြောင်းက တိုက်တဲ့သဘောပါဘဲ။ တိုက်ပွဲကတော့ မပြတ်ရှိနေဆဲ ပါ” ဟု ပြောသည်။

စစ်တပ်သည် ဇူလိုင်လ ၁၅ ရက်နေ့ ည ၉ နာရီကျော်အချိန်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပြင်းထန်သော ပေါက်ကွဲသံများကို ဒေသခံများ ကြားခဲ့ရသည်။

အခြားဒေသခံတစ်ဦးကလည်း “ဇူလိုင် ၁၅ ရက်နေ့ ညက ကုလားပုန်း ပတ်ဝန်းကျင်နဲ့ အဝတောင်ပတ်ဝန်းကျင် ဘက်ကတော့ ဗုံးလာကြဲချတယ်လို့ပြောတယ်။ဗုံးချသံတွေကို ကြားရတယ်။ အတိအကျတော့ သတင်းမရဘူး” ဟု ပြောသည်။

ထို့ပြင် စစ်တပ်သည် ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ကလည်း ကျောက်ဖြူ–ရမ်းဗြဲ - တောင်ကုတ် လမ်းပိုင်းရှိ အရေးပါဆုံးတံတားတစ်စင်းဖြစ်သည့် မင်းကြောင်းချောင်းတံတားကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီး ခဲ့သည်။

ယခုကဲ့သို့ ရက်ဆက်ဗုံးကြဲမှုများကို နေ့ရောညပါ လုပ်ဆောင်လာသည့်အတွက် ကျောက်ဖြူနှင့် ရမ်းဗြဲဒေသခံ စစ်ဘေးရှောင်များကို ဘေးလွတ်ရာသို့ ထပ်မံနေရာရွှေ့ပြောင်းပေးမှုများ လုပ်ဆောင်နေရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...