မှတ်ပုံတင်ထုတ်ပေးပြီး MNDAA တပ်သားစုဆောင်းနေဟု ဒေသခံများက ပြော

မှတ်ပုံတင်ထုတ်ပေးပြီး MNDAA တပ်သားစုဆောင်းနေဟု ဒေသခံများက ပြော

သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများ အထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang မီဒီယာက ထုတ်ပြန်သည်။

ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ ၆၂,၆၃၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များနှင့် အိမ်ထောင်စုစာရင်း ၁၈,၃၅၆ အုပ်ကို ပြည်သူ့အကျိုးပြုလုပ်ငန်း တစ်ရပ်အဖြစ် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လက်တွေ့မြေပြင်တွင် အဆိုပါ အချက်အလက်များကို အသုံးပြု၍ တပ်သားသစ်များ အတင်း အဓမ္မ စုဆောင်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

MNDAA သည် ၎င်းတို့ကောက်ယူထားသော အိမ်ထောင်စုစာရင်း အချက်အလက်များကို အခြေခံ၍ စနစ်တကျ လူစုဆောင်းနေခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုတွင် အမျိုးသား ၂ ဦးရှိပါက ၁ ဦး၊ အမျိုးသမီး ၂ ဦးရှိပါက ၁ ဦးနှုန်းဖြင့် မဖြစ်မနေ စစ်မှုထမ်းရန် ဖိအားပေးနေကြောင်း ပန်ဆိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “စစ်သားမလုပ်ချင်လို့ ထွက်ပြေးတဲ့ မိသားစုတွေရှိတယ်။ ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာက တော့ ထွက်ပြေးသွားတဲ့သူတွေရဲ့ အိမ်တွေကို ကိုးကန့်တပ်က ချိတ်ပိတ်လိုက်တာပဲ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကျေးရွာအချို့တွင် လူငယ်အများစုမှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် စစ်မှုထမ်းနေ ကြသဖြင့် အိမ်တွင် လူကြီးပိုင်းများသာ ကျန်ရှိတော့ကြောင်း ကျေးရွာသူကြီးများက ညှိနှိုင်းရလေ့ရှိသည်။

ပန်ဆိုင်းနှင့် မုံးကိုးဒေသများတွင် စစ်သားမလုပ်လိုပါက ဆယ်အိမ်မှူး၊ ရာအိမ်မှူး လုပ်ရသကဲ့သို့ မီးသတ်နှင့် စည်ပင်ဝန်ထမ်းကဲ့သို့သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် မဖြစ်မနေ တာဝန်ထမ်းဆောင်ရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ မိုင်းရယ်မြို့နယ် အတွင်းရှိ ဟိုယ၊ လွယ်ငင်းနှင့် ကောင်းမောင် အပါအဝင် ကျေးရွာအုပ်စု ၂၀ ကျော် တွင် MNDAA က ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တစ်ရွာလျှင် အနည်းဆုံး တစ်ဦး တပ်သားသစ်ပေးရန် MNDAA က ပြီးခဲ့သည့် မေလအတွင်း အမိန့်ထုတ်ပြန်ခဲ့သည်။ 

သတ်မှတ်ရက်အတွင်း လူမပေးနိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့မှာ ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

လက်ရှိတွင် MNDAA က ထုတ်ပေးသော မှတ်ပုံတင်ရှိပါက တရုတ်နိုင်ငံ ဝမ်တိန်ဂိတ်မှတစ်ဆင့် တစ်ဖက်နိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်သောကြောင့် တရုတ်-မြန်မာနယ်စပ် မုံးကိုးနှင့် ပန်ဆိုင်းဒေသများ၌ မှတ်ပုံတင် ပြုလုပ်လိုသူများဖြင့် ပြည့်နှက်နေသည်။

ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက “လူတွေက အဲဒီအခွင့်အရေးကို လိုချင်လို့ သွားလုပြီး စာအုပ်လုပ်နေကြ တာ။ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူး။ တရုတ်ပွဲစားတွေကတစ်ဆင့် တစ်ယောက်ကို ယွမ် ၄,၀၀၀ ကနေ ၆,၀၀၀ ကျော် (မြန်မာကျပ်ငွေ ၂၅ သိန်းမှ ၃၈ သိန်းကျော်) အထိ ပေးနေရတယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ MNDAA ဘက်မှ တုံ့ပြန်ချက်ရရှိရန် သျှမ်းသံတော်ဆင့်က ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

MNDAA သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို တရားဝင်မှုရှိစေရန်နှင့် စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေ သော်လည်း မြင့်မားသော ကုန်ကျစရိတ်များနှင့် စစ်မှုထမ်းရမည့် စိုးရိမ်မှုများကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးနှင့် လုံခြုံရေးကြားတွင် အခက်တွေ့နေကြရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...