သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဒုစရိုက်မှုများ ပိုမိုများပြားလာသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ မိမိကိုယ် ကို ကာကွယ်ရန်အတွက် လက်နက်ကိုင်ဆောင်ခွင့် တောင်းခံရာတွင် စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အတွင်းသို့ ဝင်ရောက်ရန် အာဏာပိုင်များက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။
ကျိုင်းတုံမြို့တွင် လူသွားလူလာများသည့်အချိန်၌ပင် လက်နက်ကိုင်အဖွဲ့များ၏ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း နှင့် လူသတ်ခြင်းများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မြို့ခံလုပ်ငန်းရှင်များအကြား ထိတ်လန့်မှုများ မြင့်တက် လျက်ရှိသည်။
အဆိုပါ လုံခြုံရေး အန္တရာယ်များကြောင့် ရွှေဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးသမား အချို့က ကိုယ်ပိုင် လုံခြုံရေး အတွက် လက်နက်ကိုင်ဆောင်ခွင့်ရရှိရန် အာဏာပိုင်များကို တောင်းခံခဲ့ခြင်းဖြစ်သည်။
“ရွှေရောင်းတဲ့သူတွေက အရမ်းစိတ်ပူနေလို့ သေနတ်ကိုင်ဆောင်ခွင့်ရဖို့ မနေ့တနေ့က သွားတင်ပြကြတယ်။ ဒါပေမယ့် ရဲတွေက ဒီအတိုင်း ပေးမကိုင်ဘူး။ တကယ်လို့ သေနတ်ကိုင်ချင်ရင် ပြည်သူ့စစ်အရင်လုပ်မှ ရမယ်လို့ ပြောတယ်” ဟု ကျိုင်းတုံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့တွင် ဇူလိုင်လ ၂ ရက်နေ့က ရဲစခန်းအနီး၌ ပရိဘောဂဆိုင်မှ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရမှု၊ မေလ ၁၃ ရက်နေ့က ရွှေဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ရွှေ ၃ ပိဿာ လုယက်ခံရမှုတို့မှာ ယနေ့တိုင် တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။ ဒေသခံများက ရဲတပ်ဖွဲ့၏ လုံခြုံရေး အစီအမံများကို ထိရောက်မှုမရှိဟု ဝေဖန်သည်။
အထက်ပါ အမျိုးသားက “နေ့ဘက်မှာတော့ ရဲတွေ လုံခြုံရေးလုပ်ပေးသလိုလို ရှိပေမယ့် သူတို့ပြန်သွားပြီဆိုမှ သူခိုးဓားပြတွေ လာကြ တာ။ ဖြစ်လာရင်လည်း တစ်ခါမှ မဖမ်းမိဘူး။ ဆိုင်ကယ်လုခံရတာကတော့ အနည်းဆုံး တစ်ပတ်တစ်ခါ ကြားနေရတယ်” ဟု ဆက်ပြောသည်။
မြို့တွင်း၌ တရားဥပဒေစိုးမိုးမှု လစ်ဟာနေချိန်တွင် အာဏာပိုင်များက အုပ်ချုပ်ရေးမှူးများအား ဥပဒေသင်တန်း များ ပေးအပ်လျက်ရှိသော်လည်း မြေပြင်တွင်မူ ဥပဒေစိုးမိုးရေးထက် လက်နက်ကိုင်ရာဇဝတ်မှုများကသာ ပိုမိုစိုးမိုးထားသည်။
လက်ရှိတွင် ကျိုင်းတုံမြို့၌ ညနေပိုင်းတွင် လူသူကင်းမဲ့လာပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေလဲလှယ်သူများ သည် သူစိမ်းများကို အိမ်ထဲသို့ ပေးမဝင်ရဲတော့သည့်အထိ အချင်းချင်း ယုံကြည်မှု ပျက်ပြားနေသည်။
နေ့စဉ်နှင့်အမျှ မြင့်တက်လာသော ရာဇဝတ်ဘေးနှင့် စစ်မှုထမ်းရမည့် အန္တရာယ်ရှိသည့် ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ရန် ဖိအားပေးမှုများကြားတွင် ကျိုင်းတုံမြို့ခံများမှာ အကြပ်ရိုက်နေကြသည်။







