နှင်းနွယ်နီ — အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်စခန်းတာဝန်ခံ နှစ်ဦးအထဲမှ အမျိုးသားတစ်ဦး လွတ်မြောက်လာကြောင်း သိရသည်။
ပြန်လည် လွတ်မြောက်လာသူမှာ စစ်တွေမြို့ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသာဟန် (၅၈) နှစ်ဖြစ်သည်။
သူ့ကို ဇွန်လ ၂၂ ရက် ည ၉ နာရီအချိန်ခန့်က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။
“မနေ့ညက အမှတ် (၁) က မိသားစုကို ဖုန်းဆက်ပြီးခေါ်တယ်တဲ့။ ၉ နာရီလောက်မှာ လွှတ်ပေးလိုက်တာပါ။ မိသားစုနဲ့ အုပ်ချုပ်ရေးမှူးနဲ့ အမှတ် (၁) က သွားခေါ်ခဲ့တယ် ကြားပါတယ်” ဟု ပြောသည်။
ဦးသာဟန်သည် ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာသူဖြစ်ပြီး ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းတွင် တာဝန်ခံလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် ည ၉ နာရီခွဲအချိန်ခန့်က ဆင်ကူးလမ်းကျောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးသာဟန်နှင့် သောဘိတာရာမကျောင်း စစ်ရှောင်စခန်းတာဝန်ခံ မအေအေးအောင် (၃၅) နှစ် ဝန်းကျင်ခန့်တို့ကို အင်အား ၁၀ ကျော်ခန့်ပါသည့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရစဥ်က သူတို့ နှစ်ဦးကို စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်ရှိ အမှတ် (၂) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်ဟု နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။
“ ရုံးထုတ်လို့ အပြစ်မရှိဘူးဆိုပြီး ရုံးက လွှတ်ပေးလိုက်တယ်။ တရားရုံးက လွှတ်ပေးပြီးပြီးချင်း တရားရုံးထဲကပဲ အမှတ် (၁) ရဲစခန်းက ထပ်ပြီးဖမ်းသွားတယ်” ဟုပြောသည်။
သူတို့ နှစ်ဦးကို ထို့သို့ စစ်တွေမြို့ အမှတ် (၁) ရဲစခန်း အချုပ်တွင် ဖမ်းဆီးထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ သူတို့အထဲမှ ဆင်ကူးလမ်းကျောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးသာဟန်ကိုပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ မအေးအေးအောင်ကိုမူ စစ်တွေအမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသေးကြောင်း သိရသည်။
မအေးအေးအောင်သည် စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ ဖြစ်ပြီး သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းတွင် တာဝန်ခံ ပြုလုပ်နေခြင်းဖြစ်သည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်ကလည်း မဏိရတနာကျောင်း စစ်ဘေးရှောင်ခန်းတာဝန်ခံ အမျိုးသမီး ဖမ်းဆီးခံရပြီး မေလ ၆ ရက်တွင် ပြန်လွတ်လာခဲ့ကြောင်း သိရသည်။







