ကျောင်းနေအရွယ်ကလေး ၆ ဒသမ ၃ သန်းကျော် ပညာသင်ခွင့်ဆုံးရှုံး

ကျောင်းနေအရွယ်ကလေး ၆ ဒသမ ၃ သန်းကျော် ပညာသင်ခွင့်ဆုံးရှုံး

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာထားရပြီး အခြေခံပညာ သင်ယူခွင့်ဆုံးရှုံးနေဆဲဖြစ်ကြောင်း ISP-Myanmar က ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်သည့် Situation Brief အစီရင်ခံစာ ၌ ဖော်ပြထားသည်။

ISP-Myanmar ၏ အချက်အလက်များအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းအပ်နှံသူ ဦးရေ ၆ ဒသမ ၇ သန်းသာရှိပြီး ယခင်နှစ်ထက် ခြောက်သိန်းခန့်သာ တိုးလာခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ အခြေခံပညာ သင်ယူရမည့် ကျောင်းနေအရွယ် ကလေးဦးရေမှာ ၁၃ သန်းဝန်းကျင် ရှိသင့်ကြောင်း ခန့်မှန်းထားသည်။

ယင်းကြောင့် ယခု ပညာသင်နှစ်တခုတည်းတွင်ပင် ကျောင်းနေအရွယ် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်မှာ အခြေခံပညာ သင်ယူခွင့်မရရှိဘဲ ကျောင်းပြင်ပတွင် ကျန်ရှိနေကြောင်း ISP-Myanmar က ဆိုသည်။

အဆင့်မြင့်ပညာရေးသို့ တက်ရောက်နိုင်ရေးအတွက် အရေးပါသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေမှာလည်း သိသိသာသာ လျော့ကျလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းကျော်ရှိခဲ့သော်လည်း ၂၀၂၆ ခုနှစ်တွင် နှစ်သိန်းခွဲဝန်းကျင်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

ISP-Myanmar က လက်ရှိပညာရေးအကျပ်အတည်း၏ အကြောင်းရင်းများအဖြစ် စစ်ပွဲများ၊ စစ်ဘေးရှောင်ရမှုများ၊ ကျောင်းပြောင်းလက်မှတ်နှင့် ကျောင်းထွက်လက်မှတ် ရရှိရန် အခက်အခဲများ၊ စီးပွားရေးကျပ်တည်းမှုများနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကို ထောက်ပြထားသည်။

စစ်ဘေးရှောင်ရင်း ဒေသပြောင်းရွှေ့လာရသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများ မရရှိနိုင်သဖြင့် ကျောင်းအပ်နှံရာတွင် အခက်အခဲများ ကြုံတွေ့နေရသလို ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် အခြေခံကျောင်းသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်ပင် ခက်ခဲနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၆ ခုနှစ်မှစတင်၍ အစိုးရကျောင်းများတွင် အတန်းဝင်ခွင့် စာမေးပွဲ (Placement Test) များကို အသက်ကန့်သတ်ချက်ဖြင့် ဆောင်ရွက်လာခြင်းကြောင့် အထက်တန်းအရွယ် ကျောင်းပြန်တက်လိုသူများအတွက် အခက်အခဲများ ပိုမိုဖြစ်ပေါ်လာကြောင်း ISP-Myanmar က သုံးသပ်ထားသည်။

အစားထိုးပညာရေးကဏ္ဍတွင် NUG၊ KIO၊ KNU၊ IEC၊ TLEC နှင့် အခြားတော်လှန်ရေး အဖွဲ့အစည်းများက ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ရေးအခြေအနေများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် လိုအပ်သလောက် လက်လှမ်းမမီသေးကြောင်း အစီရင်ခံစာက ဆိုသည်။

NUG ၏ ထုတ်ပြန်ချက်အရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြေပြင်ကျောင်းများမှတဆင့် ကျောင်းသား၊ ကျောင်းသူ ၇၂၇,၈၆၀ ဦးကို ပညာသင်ကြားပေးနိုင်ခဲ့သော်လည်း လက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အချက်အလက်များကို မထုတ်ပြန်ရသေးကြောင်း သိရသည်။

တအာင်းပြည်ပညာရေးကောင်စီ (TLEC) ကလည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၇၀,၀၀၀ နီးပါးကို ပညာသင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အစားထိုးပညာရေးကျောင်း ၂၀၀ ဝန်းကျင် ပိတ်ထားရပြီး ကျောင်းအပ်နှံသူ အရေအတွက်မှာလည်း ၅၀,၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း ISP-Myanmar က ဖော်ပြထားသည်။

ISP-Myanmar က မြန်မာ့ပညာရေးသည် အာဏာမသိမ်းမီက အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲနေဆဲဖြစ်ပြီး အရည်အသွေးမြင့်ပညာရေး (Quality Education) ကို မျှော်မှန်းနိုင်သည့် အခြေအနေမရှိသေးသလို အခြေခံပညာ လက်လှမ်းမီမှု (Access to Basic Education) ကိုပင် အကျပ်အတည်းအဖြစ် ရင်ဆိုင်နေရကြောင်း သုံးသပ်ထားသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...