ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ကိုယ်တိုင်ရပ်တည်ရေးခက်ခဲသည့် ထိခိုက်လွယ်ဒုက္ခသည်အုပ်စုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆက်လက်ပံ့ပိုးပေးရန် ဇွန်လ(၂၀)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ရက်-KPSN နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWOတို့က ထုတ်ပြန်တောင်းဆိုသည်။
အမေရိကန်၏ရိက္ခာဖြတ်တောက်မှုများ ကြုံတွေ့ရပြီးနောက် ထိုင်းအစိုးရ၏ မူဝါဒအပြောင်းအလဲများ ရှိခဲ့ရာ နယ်စပ်ဒုက္ခသည်စခန်းနေလူထုအတွက် ပြင်ပထွက်အလုပ်လုပ်နိုင်ရေး အခွင့်အလမ်းများ ပေါ်ပေါက်ရရှိလာသည်။
သို့ရာတွင် မသန်စွမ်းသူများ၊ ပြင်းထန်ရောဂါရှိသူများ၊ စိတ်ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးမိခင်အချို့မှာ ကိုယ်တိုင်ရပ်တည်ရေးအခက်အခဲရှိနေသောကြောင့် ၎င်းတို့အတွက် ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့်ဝန်ဆောင်မှု အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် ကရင်အရပ်ဖက်နှစ်ဖွဲ့က အလှူရှင်များနှင့် အေဂျင်စီများအား တောင်းဆိုကြခြင်းဖြစ်သည်။
“ဒီလို ရိက္ခာဖြတ်တောက်ခံရချိန်မှာ ပြင်ပမှာ အလုပ်ထွက်လုပ်တဲ့လူဦးရေထက် စခန်းထဲမှာဆက်နေရတဲ့ လူဦးရေက များနေဆဲဖြစ်တယ်။ ဒါကြောင့် အကူအညီပေးတဲ့အဖွဲ့တွေအနေနဲ့ လိုအပ်ချက်ရှိတဲ့လူတွေကို ဆက်ပြီးထောက်ပံ့ဖို့၊ အပြင်ထွက်အလုပ်လုပ်ဖို့ အဆင်မပြေတဲ့လူတွေကို စခန်းထဲမှာဘဲ သူတို့ ရပ်တည်နိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းမျိုး ဖန်တီးပေးဖို့ လိုအပ်တယ်”ဟု KPSN ပြောခွင့်ရ နော်ဝါးခူရှီးက ပြောသည်။
ဒုက္ခသည်များ ဘဝတိုးတက်စေရန်နှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ပိုမိုလွတ်လပ်စွာ ရပ်တည်နိုင်ရန်အတွက် သိသာထင်ရှားသည့် အခွင့်အလှမ်းများ ဆောင်ရွက်ပေးသော ထိုင်းဘုရင်အစိုးရကို ၎င်းတို့အနေဖြင့် ချီးကျူး ဂုဏ်ပြုမိကြောင်းလည်း ကရင်အရပ်ဖက်အဖွဲ့များက ဆိုသည်။
ထို့အပြင် ထုတ်ပြန်ချက်ထဲတွင် စခန်းပြင်ပထွက်အလုပ်လုပ်သည့် ဒုက္ခသည်များ အန္တရာယ်အမျိုးမျိုး နှင့် ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ထိုင်းဘုရင်အစိုးရ၊ UNHCR၊ အလှူရှင်အဖွဲ့အစည်းများ၊ NGOများနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများကိုလည်း အချက် (၅)ချက်ဖြင့် တောင်းဆိုထားခြင်းရှိသည်။
ထိုအထဲတွင် ထိခိုက်လွယ်သည့် အုပ်စုများကိုဆက်လက်ပံ့ပိုးရန်နှင့် စခန်းပြင်ပသို့ မထွက်ခွာနိုင်သူများကို အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း ဖန်တီးပေးရန်တို့အပြင် ဒုက္ခသည်များအတွက် ထိုင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များကို ပြန်လည်သုံးသပ်ရန်၊ ပြင်ပထွက်အလုပ်လုပ်သူများ အကာအကွယ်ရရှိရေး အားကောင်းရန်၊ ဒုက္ခသည်စခန်းနှင့် နီးစပ်ရာဒေသတွင် အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးရန်တို့လည်း ပါဝင်သည်။
KWO တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီးဖောက ”ဒုက္ခသည်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီ အခွင့်အလမ်းရရှိဖို့ ပြီးရင် သူများနဲ့နည်းတူ လွတ်လပ်မှုရရှိဖို့က ရပ်ရွာအရပ်ဖက်အဖွဲ့အစည်းဖြစ်ဖြစ် ထိုင်းလူမှုအဖွဲ့အစည်းဖြစ်ဖြစ် နိုင်ငံတကာဖြစ်ဖြစ် သိဖို့မက ဒုက္ခသည်အတွက် ကိုယ်စားပြုပြောဆိုနိုင်ဖို့အတွက် ကျမတို့အခုလိုထုတ်ပြန်နေရခြင်းဖြစ်တယ်”ဟု တောင်းဆိုချက်နှင့်ပတ်သက်၍ ကေအိုင်စီကို ပြောသည်။
ယခုနှစ် ဒုက္ခသည်များနေ့ ဆောင်ပုဒ်ဖြစ်မှာ “လူတိုင်းဘေးကင်းလုံခြုံမှုမရှိမချင်း” ဖြစ်သည်။ ထိုစကားရပ်အတိုင်း အခွင့်အလမ်းဖန်တီးပေးရုံသာမက ဒုက္ခသည်များ ဘေးကင်းလုံခြုံရေးနှင့် ဂုဏ်သိက္ခာရရှိမှုအတွက် ဆက်လက်ပူးပေါင်းလုပ်ဆောင်ကြရန်ဖြစ်ကြောင်းလည်း ကရင်အရပ်ဖက်အဖွဲ့များ၏တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။
ထို့အတူ ယနေ့ ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ်အဖြစ် KPSN နှင့် KWO တို့ဦးဆောင်ကာ မဲဆောက်မြို့တွင် အခမ်းအနားကျင်းပပြုလုပ်ခဲ့သလို ဒုက္ခသည်ပညာရေးစိန်ခေါ်မှုများ၊ ဒုက္ခသည်များ ထိုင်းလူမှုအဖွဲ့အစည်းအတွင်း တရားဝင်နေထိုင်နိုင်ရေး ထိုင်းအစိုးရ ဥပဒေများပြဌာန်းချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးသည့်စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့သည်။







