နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်

နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသအတွင်းရှိ နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၁ နာရီကျော်ဝန်းကျင်းတွင် နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင်လေယာဉ်မှ ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှု မရှိသော်လည်း နီပွန်ဖောင်ဒေးရှင်း ဒုက္ခသည်နေအိမ် ၄ လုံး လုံးဝပျက်စီးခဲ့ရပြီး မွန်အမျိုသားမူလတန်းကျောင်း ၁ ကျောင်းနှင့် ဥယျာဉ်ခြံအပင်များ ဗုံးစထိမှန်ပျက်စီးခြင်းများရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ လူကတော့ ထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ပထမတစ်လုံး ကြဲတာနဲ့ လူတွေက အိပ်ယာကနေ ကမန်ကတန်း ထပြေးကြတယ်။ အဲကြောင့် ဒုတိယတစ်လုံး ထပ်ချတာက လူမထိတာ။ အိမ် ၄ လုံးကတော့ အကုန်ပျက်စီးသွားတယ်။ အဲမှာရှိတဲ့ မူလတန်းကျောင်းလည်း နည်းနည်းထိသွားတာ ရှိတယ်။ ပြောရရင် တစ်ရွာလုံးနီးပါးက ထိခိုက်ပျက်စီးမှု ရှိတယ်” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ နေရပ်ပြန်လာသည့် ဒေသခံအချို့ ဘေးလွတ်ရာ ပြန်လည်တိမ်းရှောင်နေရကြောင်း ဆိုသည်။

ရေးချောင်းဖျားဒေသရှိ ကျေးရွာများဘက်ကို စစ်ကော်မရှင်က လေယာဉ်ဖြင့် အချိန်မရွေး လာရောက်ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် လုံခြုံမှုမရှိတော့ကြောင်းလည်း ဆိုသည်။

“ရေးချောင်းဖျားဒေသကတော့ နေထိုင်ဖို့ လုံးဝကို စိတ်ချလို့ရမဲ့ ဒေသမဟုတ်တော့ဘူး။ သူတို့

လေယာဉ်တွေကလည်း အသံမထွက်ဘူး။ ညက သူတို့ လာကြဲပြီးမှ လေယာဉ်သံကြားရတယ်။ အဲဘက်ကလူတွေလည်း ဘေးလွတ်ရာဒေသမှာပဲ နေစေချင်သေးတယ်။ အဲဒီရွာတွေကို ပြန်လာနေဖို့ လုံခြုံမှု မရှိတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း နီးပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းအနီးရှိ နေရာများကို စစ်ကော်မရှင်က လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...