အမျိုးသမီးအရေးလှုပ်ရှားမှု CMWO ပြန်လည်စတင်

အမျိုးသမီးအရေးလှုပ်ရှားမှု CMWO ပြန်လည်စတင်
ပုံ-CMWO
ပုံ-CMWO

မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသမီးများအဖွဲ့ (ဗဟို) - Central Mon Women Organization (CMWO) အနေဖြင့် နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ယခင်က အမျိုးသမီးအရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်နားခဲ့ရသည့် ဒေသများတွင် ရပ်ကျေးအဆင့်နှင့် မြို့နယ်အဆင့် အမျိုးသမီးအဖွဲ့များကို ဆက်တိုက် ပြန်လည်ဖွဲ့စည်းလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဂျိုင်းမြစ်ဒေသတစ်လျှောက်နှင့် ကျိုက်မရောမြို့နယ်တွင် အဖွဲ့အစည်းလှုပ်ရှားမှုများ ရပ်ဆိုင်းခဲ့ရာမှ လက်ရှိတွင် ဂျိုင်းမြစ်ဒေသရှိ ကျေးရွာများတွင် ရပ်ကျေးအဆင့် အမျိုးသမီးအဖွဲ့များကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း CMWO မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရွာတိုင်းဖြစ်လာတဲ့အထိ ဆက်တိုက်ဖွင့်သွားမယ်ပေါ့။ အုပ်ချုပ်ရေးအပိုင်း၊ စီမံနိုင်တဲ့အပိုင်းမှာ အရည်အချင်းမြှင့်တာတွေလည်း ဆက်တိုက်လုပ်သွားမယ်။ ဒေသတွင်းအခြေအနေမှာ အကြမ်းဖက်မှုသိပ်မရှိဘူးလို့ပြောလာတယ်။ အိမ်တွင်း အကြမ်းဖက်မှုကတော့ ရှိရင်ရှိမယ်ပေါ့နော်။ ခုမှစဖွင့်တာမလို့ များများဆွေးနွေးနိုင်တာမျိုးမရှိသေးဘူး” ဟု ၎င်းကပြောသည်။

ဒေသခံအမျိုးသမီးများ ကြုံတွေ့နေရသည့် အကြမ်းဖက်မှုဖြစ်စဉ်နှင့် အခက်အခဲများကို ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်မှုဆိုင်ရာ အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဗဟုသုတများကိုလည်း မျှဝေခြင်းများ  ဆောင်ရွက်လျက်ရှိသည်။

CMWO မွန်အမျိုးသမီးများဗဟိုအဖွဲ့သည် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအပြင် မွန်လူမျိုးများတည်ရှိရာ ဒေသတိုင်း မွန်အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်တို့တွင် ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာကိစ္စများ ကူညီဖြေရှင်းရန်အတွက် ရပ်ကျေးအဆင့် အဖွဲ့တာဝန်ခံများထံ ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ ကော်မတီနှင့် အဖွဲ့ဖွဲ့စည်းထားခြင်း မရှိသေးသဖြင့် လက်လှမ်းမီမှုအားနည်းခဲ့သည်ဟု ဆိုသည်။

CMWO မှတာဝန်ရှိသူက “ကော့ကရိတ်၊ ကျိုက်မရော၊ ဂျိုင်းမြစ်ဘက်တို့ဆိုလည်း မွန်ပြည်သစ်က လက်လှမ်းမီ နယ်မြေတွေပဲ။ ကြာအင်းဆိပ်ကြီးတို့လို ၊ သထုံခရိုင်တို့လို အများကြီးသြဇာမသက်ရောက်ပေမဲ့ ဆက်နွယ်မှုရှိကြတယ်။ အဲ့ဒါကြောင့် မွန်ရွာတွေအားလုံးဖွင့်တယ်။ ပေါင်မှာလည်း ဖွင့်တယ်။” ဟု၎င်းက ပြောသည်။

 CMWO ၏ နှစ်ပတ်လည်အစည်းအဝေးကို မွန်ပြည်သစ်ပါတီတာဝန်ရှိသူများနှင့်တကွ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တွင် နှစ်ရက်တာကျင်းပခဲ့ကြပြီး၊ အမျိုးသမီးများ နိုင်ငံရေးကဏ္ဍ၊ ခေါင်းဆောင်မှုအပိုင်းနှင့် ဆုံးဖြတ်ချက်ချသည့်အပိုင်းတို့တွင်ပါဝင်လာရေးအတွက် အဓိကဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်က စစ်ရေးပဋိပက္ခနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့သည့် ဂျိုင်းမြစ်ဒေသခံအမျိုးသမီးများသည် လက်ရှိတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ အရင်းအနှီးနှင့် ငွေကြေးဝန်ဆောင်မှုများ လိုအပ်ချက် များနေကြောင်းလည်း သိရသည်။

June 19, 2026
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသအတွင်းရှိ နီပွန်ဖောင်ဒေရှင်း...
June 17, 2026
ထိုင်းကုန်ပစ္စည်းများတင်သွင်းမှု စစ်ကော်မရှင် ရက် ၁၀၀ စီမံချက်အတွင်း စစ်ဆေးတင်းကြပ်ထားစဉ်...
June 16, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
ပုံ-CJ (ပုံဟောင်း)
June 15, 2026
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက်...