ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ) တွင် ၁၂ တန်းတက်မည့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း သိရသည်။
အဆိုပါ ကျောင်းသူမှာ ပြီးခဲ့သည့် ဇွန်လ ၃ ရက်၊ ညဉ့် ၂ နာရီကျော် နေအိမ်အတွင်း အိပ်ပျော်နေစဉ် သံတွဲမြို့ နယ်မှ စစ်ဘေးရှောင်၍ ယင်းကျေးရွာ၌ အိမ်ထောင်ကျနေသူ (အမည်စုံစမ်းဆဲ) အမျိုးသားတစ်ဦးက ခြင်ထောင်တွင်းအထိ ဝင်ရောက်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ ကြံစည်ရာ၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ထွက်ပြေးစဉ် ကြံစည်သူ၏ ပုဆိုးမှာ အခင်းဖြစ်ပွားရာ နေရာတွင် ကျွတ်ကျန်ခဲ့သည်။
၎င်းပုဆိုးကို သက်သေခံအဖြစ် မိသားစုဝင်များနှင့် အိမ်နီးနားချင်းများက သိမ်းဆည်း၍ ULA ရဲဌာန (DLEPS) အဖွဲ့ထံ တိုင်ကြားခဲ့ကြသည်။
၎င်းအမျိုးသားကို DLEPS အဖွဲ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၆ (ညဉ့်အချိန် အိမ်ကျော်နင်းမှု) ဖြင့် အမှုဖွင့်လှစ်၍ စစ်ဆေးလျက်ရှိစဉ် ယမန်နေ့ (ဇွန် ၁၄ ) တွင် အဆိုပါကျောင်းသူ မိန်းကလေးမှာ ကြိုးဆွဲချ၍ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။
“ မိန်းကလေးက ရှက်ပြီးတော့ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲတော့တာ။ နောက်ဆုံး ဘာဖြစ်လဲမသိ ကြိုးဆွဲချပြီး သတ်သေသွားတာ ” ဟု ဖြစ်စဉ်ကို သိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မိန်းကလေးမှာ ယခင်ကတည်းက အရှက်အကြောက်ကြီးသူဖြစ်ပြီး အခင်းဖြစ်ပြီးနောက် နေအိမ်မှ အပြင်သို့ မထွက်တော့ဘဲ စိုးရိမ်ကြောက်ရွံ့ခြင်း စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရကြောင်း သိရသည်။
“ အသက်လည်း မပြည့်သေးဘူး။ ပြီးတော့ ကျောင်းသူ။ အဲဒီအရွယ်က အရှက်အကြောက်ကြီးတယ်။ ရဲတွေက စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်။ ဒီမှုကို အခြားတစ်မြို့သားလုံးက သိသွားပြီဆိုတဲ့ အတွေးနဲ့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လို့ လုပ်ကြံသွားတာလည်း ဖြစ်နိုင်တယ် ” ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး တရားဉပဒေအတိုင်း ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် အဓမ္မပြုကျင့်ရန် ကြံစည်သူ အမျိုးသားမှာ ယခင်ကလည်း ကျေးရွာအတွင်း ခိုးမှု၊ ဆူပူသောင်းကျန်းမှုနှင့် လူနေအိမ်များသို့ ကျူးကျော်ဝင်ရောက်ဖူးသော ဖြစ်စဉ်များရှိခဲ့သဖြင့် ထိရောက်စွာ အရေးယူပေးရန် ဒေသခံများက လိုလားနေသည်။
လက်ရှိတွင် ရခိုင်ဒေသအတွင်း သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များ ခပ်စိပ်စိပ် ဆက်တိုက်ဖြစ်ပွားနေကာ ကျူး လွန်သူများကို ထိရောက်ပြတ်သားစွာ အရေးယူမှု အားနည်းနေကြောင်း ဝေဖန်ထောက်ပြနေကြသည်။
DMG ကောက်ယူထားသော စာရင်းများအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မုဒိမ်းမှု စုစုပေါင်းအနည်းဆုံး ၁၅ ခုထက်မနည်း ဖြစ်ပွားခဲ့သည်။







