ကလေးမြို့တွင် စစ်အုပ်စု ပေါ်တာဆွဲမှု အရှိန်မြှင့်လာ

ကလေးမြို့တွင် စစ်အုပ်စု ပေါ်တာဆွဲမှု အရှိန်မြှင့်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး နေရာအနှံ့အပြားတွင် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာနေကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) က ပြောသည်။

လက်ရှိတွင် စစ်အုပ်စုသည် တယောက်တည်းသွားလာသူများ၊ အရွယ်ကောင်း လူငယ်လူရွယ်များကို တွေ့သည့်နေရာတွင် စစ်ဆေးမေးမြန်းပြီး အကြောင်းမဟုတ် အကြောင်းရှာ ဖမ်းဆီးကာ ထိုဖမ်းဆီးမှု၏ နောက်ဆက်တွဲအဖြစ် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်မှုဖြစ်စဉ်များ တွေ့နေရကြောင်း KPSSC အဖွဲ့ဝင် ဦးမောင်မောင်လေးက ဇွန်လ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

စစ်အုပ်စုသည် ယခင်က ကလေးမြို့တွင် ၎င်းတို့ စိုးမိုးသည့်ရပ်ကွက်များ၊ အသိုင်းအဝိုင်းများတွင်သာ စစ်မှုထမ်းအပတ်စဉ်တိုင်းအတွက် လူဖြည့်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ဘဲ ကလေးမြို့၏ မြို့ပေါ်နေရာအနှံအပြားတွင် ဆောင်ရွက်လာကြောင်း သိရသည်။

“ကျွန်တော်တို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့‌မြေပြင်သတင်းပေးပို့ချက်တွေ မြေပြင် အချက်အလက်တွေ စုဆောင်းချက်အရ ကလေးမြို့ရဲ့ နေရာအနှံ့အပြားမှာ အချိန်နဲ့အမျှ တချို့နေရာတွေဆို အချိန်ပြည့် အသွင်ယူပြီးစောင့်ဆိုင်းတာပဲဖြစ်ဖြစ်၊ ဒီအဖွဲ့အစည်း သူတို့ရဲ့ ကားတွေနဲ့ပေါ့ဗျာ၊ အင်အားအပြည့်နဲ့စောင့်ပြီးတော့ ဖမ်းဆီးတာမျိုးတွေ သုံးလလောက်ကို တော်တော်လေး အဖမ်းဆီး အစစ်ဆေးတွေပြုလုပ်နေပါတယ်” ဟု ပြောသည်။

ကလေးမြို့မှ စစ်မှုထမ်းစုဆောင်းခံရသူများကို စစ်အုပ်စုသည် တိုင်းဗဟို (၁၀) လေ့ကျင့်ရေးဘက်သို့ ပို့ဆောင်ပြီး ထိုမှတဆင့် နိုင်ငံအတွင်းရှိ အခြားလေ့ကျင့်ရေးကျောင်းများသို့ ဖြန့်ခွဲပို့ဆောင်ကြောင်း သိရသည်။

လက်ရှိတွင် စစ်အုပ်စုအနေဖြင့် ၎င်းတို့အတွက် အပြုန်းတီးဆုံးဖြစ်နေသည့် လူအင်အားအတွက် ပြည်သူများကို သားကောင်အဖြစ် ‘မင်းမဲ့စရိုက်ဆန်စွာ’ ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်အုပ်စုပြုန်းတီးအင်အားတွင် သားကောင်မဖြစ်ရန် အချင်းချင်း ဝိုင်းဝိုင်းဝန်းဝန်းရှိရန်လိုကြောင်း KPSSC က ပြောသည်။

“ပြည်သူတွေအနေနဲ့ လုံးဝမျက်စိပိတ်နားပိတ် မနေဘဲ မျက်စိဖွင့်နားဖွင့်ပြီးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဒီအခက်အခဲဆုံး အကျပ်အတည်းဆုံးကာလမှာ အတူဖေးမကူညီကြရင်းနဲ့ ကျော်ဖြတ်ကြဖို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်” ဟုလည်း KPSSC အဖွဲ့ဝင် ဦးမောင်မောင်လေးက ဆိုသည်။

လက်ရှိတွင် KPSSC က စစ်အုပ်စု၏ စစ်မှုထမ်းစုဆောင်းမှု(ပေါ်တာဆွဲ) မှုများမှ ရှောင်ရှားနိုင်ရန်အတွက် သတိပေးချက်ကို ဇွန်လ ၆ ရက်တွင် ထုတ်ပြန်ထားပြီး အဆိုပါ သတိပေးချက်တွင် အဓိကလမ်းမကြီးများကို ရှောင်ရန်၊ ဗိုလ်ချုပ်လမ်းမကြီး၊ စံပြလမ်းထောင့်၊ လမ်းဆုံများနှင့် ဟိုတယ်၊ ကားကြီးဝင်း အနီးတဝိုက်သွားလာခြင်းများကို ရှောင်ရန်၊ လူစည်ကားချိန်များတွင် သတိထားရန်၊ တဦးတည်းသွားလာခြင်းကိုရှောင်ရန်နှင့် မြေပြင်သတင်းများကို မျက်ခြေမပြတ်နားစွင့်ရန် စသည့်အချက်များကိုလည်း အသိပေးထားသည်။

June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...
June 5, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ...
June 4, 2026
ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆...
June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...