စစ်အုပ်စုထိန်းချုပ်ဆဲမာန်အောင်မြို့တွင် လျှပ်စစ်မီး တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိ

စစ်အုပ်စုထိန်းချုပ်ဆဲမာန်အောင်မြို့တွင် လျှပ်စစ်မီး တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိ

စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁ နာရီ ၁၅ မိနစ်သာရရှိနေကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်ငါးခုရှိသည့် မာန်အောင်မြို့တွင် လက်ရှိအခြေအနေ၌ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့ဘက်တွင် ၁ နာရီ ၁၅ မိနစ်နှင့် ညဘက်တွင် ၁ နာရီ ၁၅ ကို မြို့ပေါ်ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့်သာရရှိနေသည်ဟု မာန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောသည်။

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ယခုကဲ့သို့ ရရှိနေခြင်းဖြစ်သည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် မာန်အောင်ကျွန်းတွင် မြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာပေါင်း ၁၆၃ ရွာ၊ ကျေးရွာအုပ်စု ၃၆ ခုနှင့် လူဦးရေ ၆၉,၉၉၆ ဦးနေထိုင်လျက်ရှိသည်ဟု သိရသည်။

မာန်အောင်မြို့အနီး ခအုန်းမော်ကျေးရွာတွင်တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိ ကျေးရွာသုံးရွာကို ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း စက်ချို့ယွင်းခဲ့သည့်အတွက်ဟုဆိုကာ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လအတွင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်ဟု မာန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောသည်။

“ပြတ်တောက်ရခြင်းအကြောင်းရင်းမှာ ဘတ်ထရီအိုးများ အရည်အသွေးညံ့ဖျင်းလို့ဖြစ်တယ်လို့ဆိုပြီး သိရပါတယ်။ ဒီအရည်အသွေးညံ့ဖျင်းတဲ့ ဘတ်ထရီအိုးတွေကို အသစ်ပြန်လည်ပြီး အစားထိုးပေးမယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်မယ်ဆိုတာကို သိရှိရပါတယ်”ဟု ပြောသည်။

ယမန်နေ့ ဇွန်လ ၂ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးကျော်သန်းက မာန်အောင်မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိစပ်လျဉ်း၍ မေးမြန်းခဲ့စဉ် ယခုကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

ဦးကျော်သန်း၏ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်အုပ်စုခန့် လျှပ်စစ်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးကျော်က မာန်အောင်မြို့အနီး ခအုန်းမော်ကျေးရွာတွင်တည်ဆောက်ထားသော PV 500 kW ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ် Hybrid System ဓာတ်အားပေးစက်ရုံကို ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ်စက် Hybrid စနစ်ဖြင့် အပြည့်အဝပြန်လည်မောင်းနှင်ဓာတ်အားပေးနိုင်ရန်အတွက် ဘတ်ထရီများ အစားထိုးလဲလှယ်ပေးခြင်းလုပ်ငန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားခဲ့သည်။

အဆိုပါစက်ရုံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းအကုန်အကျခံကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ Posco Daewoo ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်ပြီးစီးခဲ့သည်။

ရခိုင်ပြည်တွင် သီးခြားတည်ရှိသည့် မာန်အောင်ကျွန်းတွင် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျွန်းတစ်ခုလုံးကို မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီပေးမည်ဆိုပါက ပင်လယ်ရေအောက်မှ လိုင်းဆွဲရမည်ဖြစ်သည့်အတွက် ကျပ်ဘီလီယံ ၃၀ နှင့်အထက်ကို ကုန်ကျနိုင်မည်ဟု မာန်အောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဇော်ဇော်လွင်က ၂ဝ၂၁ ခုနှစ်တွင် ပြောဆိုဖူးသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း မာန်အောင်ကို လေအားလျှပ်စစ်မှတဆင့် လျှပ်စစ်မီး ၂၄ နာရီထုတ်ပေးသွားမည်ဟု ပြည်နယ်အစိုးရက နိရဉ္စရာကို ပြောဆိုခဲ့ဖူးသော်လည်း အကောင်အထည်ပေါ်လာနိုင်ခြင်းမရှိသေးဟု သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...