ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန် ပြည်နယ်စစ်အုပ်စုက ပြင်ဆင်နေသော်လည်း ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကျေးရွာအုပ်စုနှစ်ခုမှ စစ်ရှောင်ကလေးငယ်များမှာ နေရပ်ပြန်ကျောင်းမတက်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး စတင်ဖွင့်လှစ်အပြီး ဧပြီလထဲတွင် ကော့ကရိတ်မြို့ပြန်လည်တည်ဆောက်ရေးကို စီမံချက်ချ၍ စစ်အုပ်စုနှင့် ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းက ပူးပေါင်းလုပ်ဆောင်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ခု ပညာသင်နှစ်အမီ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးလည်း ပါဝင်သည်။
ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ နို့ကေ့နှင့်ထီးဖိုးစံကျေးရွာအုပ်စုနှစ်ခုတွင်မူ နယ်မြေလုံခြုံရေးကြောင့် တစ်နှစ်နီးပါးစစ်ရှောင်နေကြရပြီး ကျောင်းပညာရေး နှောင့်နှေးနေသည်ဟု ကော့ကရိတ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“(၈)လ (၉)လလောက်ရှိပြီ။ ထွက်ပြေးနေရလို့ ကျောင်းမတက်ရတာ။ ရွာတွေဘက်မှာဆို ကျောင်းဖွင့်မရတာများပါတယ်။ ထီးဖိုးစံရွာနဲ့နို့ကေ့ဘက်လည်း ကျောင်းတက်မရဘူး။ ရွာဘက်မှာကို လက်နက်ကြီးတွေက ပျောက်ကြားပျောက်ကြား ကျနေတာရှိသေးတော့ ကျောင်းမတက်ရဲကြဘူး” ဟု ၎င်းဒေသခံကပြောသည်။
တဖက်တွင်လည်း ပြည်နယ်စစ်အုပ်စုက ကျောင်းများစတင်အပ်နှံချိန်၌ လူဦးရေပြည့်မီရေး ကော့ကရိတ်မြို့ပေါ်ရှိစာသင်ကျောင်းများအပါအဝင် မြို့နှင့်နီးသောရွာတချို့တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကျောင်းသားစာရင်းလိုက်လံကောက်ခံသည်အထိ လုပ်ဆောင်နေကြောင်း ကော့ကရိတ်စစ်အုပ်စုနှင့်နီးစပ်ရာမှ သိရသည်။
ကော့ကရိတ်ဒေသခံက “စာရင်းလိုက်ကောက်လည်း မြို့ပေါ်နဲ့မြို့ပေါ်နီးတဲ့နေရာတွေလောက်ပဲ တက်ကြမှာပေါ့” ဟု ကေအိုင်စီကိုပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်နယ်မြေအရ ကော့ကရိတ်မြို့နယ်သည် တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်အတွင်းရှိ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အုပ်စု စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းဗုံးတိုက်ခိုက်ခြင်းတို့ မကြာခဏဖြစ်ပွားနေသော နယ်မြေလည်းဖြစ်သည်။
ယနေ့ထက်ထိမတည်ငြိမ်သေးသည့် ပဋိပက္ခကြောင့် ကေအဲန်ယူ ပညာရေးဌာနမှဖွင့်လှစ်ထားသည့် ကော်သူးလေကျောင်းများပင် ပြီးခဲ့သည့်ပညာသင်နှစ်ကအထိ လုံခြုံရေးအရရွှေ့ပြောင်းရခြင်း၊ အလျဥ်းသင့်သလိုစာမေးပွဲဖြေဆိုရခြင်းတို့ ရှိခဲ့ကြောင်း ကရင့်ပညာရေးအသိုင်းအဝိုင်းက ဆိုသည်။
ထို့အတူ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် မေလဒုတိယအပတ်အထိ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုသာမက အစစ်အဆေးတင်းကြပ်၍ပစ္စည်းသိမ်းယူခြင်းတို့အထိ လုပ်နေ၍ ဒေသခံများနေအိမ်မပြန်နိုင်သလို လယ်ယာစီးပွားလည်း ကောင်းစွာမလုပ်ဆောင်နိုင်သေးကြောင်း ကော့ကရိတ်စစ်ဘေးရှောင်များထံမှ သိရသည်။







