ရခိုင်ရှိ နွမ်းပါးသည့် Grade-11 ကျောင်းသားများအား အခမဲ့သင်ကြားပေးနိုင်ရန် လျှောက်လွှာခေါ်ယူနေ

ရခိုင်ရှိ နွမ်းပါးသည့် Grade-11 ကျောင်းသားများအား အခမဲ့သင်ကြားပေးနိုင်ရန် လျှောက်လွှာခေါ်ယူနေ
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
ဓာတ်ပုံ - ဦးခင်မောင်ဆန်း

မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ၊ ကျောင်းသားများအား အခမဲ့ပညာသင်ကြားပေးနိုင်ရန် မြောက်ဦးမြို့နယ်ရှိ ရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့က လျှောက်လွှာခေါ်ယူနေသည်ဟု သိရသည်။

ယခု ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်အတွက် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်မှစတင်ကာ ယခု မေလ ၁၇ ရက် နောက်ဆုံးထားပြီး လျှောက်လွှာခေါ်ယူနေခြင်းဖြစ်သည်။

ရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဦးခင်မောင်ဆန်းက “ကျနော်တို့က ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်ကတော့ မိဘမှာ ပညာသင်ဖို့ အခက်အခဲရှိတယ်။ ကျောင်းသူ၊ ကျောင်းသားကလည်း ပညာရေးကို အရမ်း စိတ်ဝင်စားတယ်။ အဓိက ဒီနှစ်ချက်နဲ့ညီရင် ကျနော်တို့ အဲဒီကလေးကို ရွေးချယ်ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် အဲလောက်ပါ။ အဓိကတော့ အဲဒီကလေးတွေ၊ စာတော်တဲ့ကလေးတွေ၊ ပညာရေးကို စိတ်ဝင်စားတဲ့ကလေးတွေ ကျောင်းပြင်ပကို မရောက်စေချင်ဘူး။ အထက်တန်းအဆင့်ကိုမတက်နိုင်ဘဲ ထွက်သွားတဲ့ကလေးတွေထဲမှာ အရမ်းတော်တဲ့ကလေးတွေပါတယ်။ အဲဒီကလေးတွေကို ကျနော်တို့က တော်ကောက်ပြီးတော့ အဲဒီကလေးတွေကို အသေအချာပညာသင်ပေးတာဖြစ်ပါတယ်။ အခမဲ့ပေါ့လေ”ဟု ပြောသည်။

အဆိုပါအဖွဲ့က လျှောက်လွှာများကို မေလ ၁၅ ရက် နောက်ဆုံးထားခေါ်ယူခဲ့သော်လည်း လက်ရှိတွင် လျှောက်ထားသူများပြားသည့်အတွက် ပညာသင်ရန်အခက်အခဲရှိသည့်ကျောင်းသူ၊ ကျောင်းသားများ မကျန်ရစ်စေရန် မေလ ၁၇ ရက်အထိ တိုးမြှင့်လက်ခံသွားမည်ဟု ဆိုသည်။

ယနေ့ မေလ ၁၅ ရက်အထိ လူဦးရေ ၁ဝဝ ခန့် လာရောက်လျှောက်ထားကြပြီဟု သိရသည်။

လျှောက်ထားသူများအနက် လူဦးရေ ၂၅ ဦးမှ ၃ဝ ဦးကြားကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေးသွားမည်ဟုလည်း ဦးခင်မောင်ဆန်းက ပြောသည်။

“ကျောင်းသားတွေထဲမှာတော့ အဓိကတော့ ကျနော်တို့ တိုက်ပွဲကာလအတွင်းမှာဆိုတော့ စစ်ဘေးရှောင်ကျောင်းသားတွေကို ဦးစားပေးပါတယ်”ဟု ပြောသည်။

ရွေးချယ်ခံရသူများသည် နောက်နှစ် Grade-12 ကိုလည်း အခမဲ့ ပညာဆက်လက်သင်ကြားခွင့် ရရှိမည်ဟု ဦးခင်မောင်ဆန်းက ပြောသည်။

လျှောက်လွှာများကို မြောက်ဦးမြို့နယ်ရှိ ရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးအပါအဝင် [email protected] ၊ Telegram - @khinmaungsanm99 နှင့် Viber - 09421751787 တို့ထံ ဆက်သွယ်လျှောက်ထားနိုင်သည်ဟု သိရသည်။

ရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ရခိုင်ပြည်အတွင်းမှ နွမ်းပါးသည့် အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသား ၂ဝ ဦးမှ ၃ဝ ဦးကြားကို လျှောက်လွှာခေါ်ယူကာ နှစ်စဉ် အခမဲ့ပညာသင်ကြားပေးလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွင်း အာရက္ခပြည်သူ့ပညာရေးဌာနကကြီးမှူးကျင်းပသည့် စာမေးပွဲတွင် အဆိုပါရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့က အခမဲ့သင်ကြားပေးလိုက်သည့်ကျောင်းသူ၊ ကျောင်းသားများအနက် ခြောက်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...