ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန် တင်ဆောင်လာသည့် စက်လှေတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
မင်းပြားမြို့နယ်၊ အောင်တိုင် ကျေးရွာမှ ရွာသားများသည် မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာတွင် ဘောလုံးသွားရောက်ကစားခဲ့ကြပြီးအပြန်၊ စက်လှေနှစ်စီးဖြင့် လိုက်ပါလာစဉ် ဝန်ပိုတင်ဆောင်ထားသည့် စက်လှေတစီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်တွင် လူပေါင်း ၁၀၀ နီးပါးခန့်သည် စက်လှေနှစ်စီးပေါ်၌ ခွဲ၍လိုက်ပါလာကြခြင်းဖြစ်ပြီး လူဦးရေနှင့် ပစ္စည်းဝန်ပိုတင်ဆောင်မှုကြောင့် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသူတဦးက မဇ္စျိမသို့ ပြောသည်။
“စက်လှေပေါ်မှာက လူတွေက အရမ်းများနေတာ။ ဘောလုံးပွဲသွားကြည့်တဲ့သူရော၊ ကစားတဲ့သူရောဆိုတော့ ၁၀၀ နီးပါးလောက်ရှိမယ်။ အပြန်မှာ ဝန်မနိုင်ဘဲ တစီးက မှောက်သွားတာပါ။ လက်ရှိအချိန်ထိတော့ အလောင်း ၁၀ လောင်း ဆယ်ယူရရှိထားပါတယ်” ဟု ဆိုသည်။
သေဆုံးသူများမှာ အောင်တိုင်ကျေးရွာသားများအပြင် မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့မှ အသက် ရှစ်နှစ်မှ ၅၀ ကျော်အရွယ် အမျိုးသားများဖြစ်ကြပြီး လက်ရှိတွင် ပျောက်ဆုံးနေသူများ ကျန်ရှိနေသေးသည့်အတွက် ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြသည်။
“ဒီရက်ပိုင်း ရေကြောင်းသွားလာရေးမှာ သတိထားနေရတဲ့ကြားက အခုလို ဝန်ပိုတင်ပြီး သွားကြတာဆိုတော့ စိတ်မကောင်းစရာပဲ။ အလောင်းတွေကတော့ တဖြည်းဖြည်း ပြန်တွေ့နေရပေမယ့် ပျောက်နေတဲ့သူတွေလည်း ရှိသေးတော့ ကူညီပေးနေရတုန်းပါ” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ကုန်းလမ်းသွားလာရေး ကန့်သတ်ချက်များကြောင့် ဒေသခံများသည် ရေကြောင်းလမ်းကို အဓိကအားထားနေရပြီး၊ ယခုကဲ့သို့ စက်လှေတိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။







