ရာသီဥတုကြောင့် သံတောင်ကြီးနှင့် ကော့ကရိတ်တွင် ဒူးရင်းသီးအထွက်နှုန်းကျ

ရာသီဥတုကြောင့် သံတောင်ကြီးနှင့် ကော့ကရိတ်တွင် ဒူးရင်းသီးအထွက်နှုန်းကျ

ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ နေအပူအရှိန်ပြင်းပြီး အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် ဒူးရင်းပင်များပျက်စီးသလို ဒူးရင်းသီးအထွက်နှုန်း ကျဆင်းသွားကြောင်း စိုက်ပျိုးသူများက ပြောသည်။

သံတောင်ကြီးမြို့နယ်၊ သံတောင်(၁၃)မိုင်တွင် ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရှည်ဒူးရင်းပင်ကြီးများ ကျိုးကျပျက်စီးသွားသည်။ ကော့ကရိတ်မြို့နယ်တွင်လည်း အလားတူ လေပြင်းတိုက်ခိုက်ခြင်းအပြင် နေအပူရှိန်ပြင်းထန်မှုကြောင့် အပင်သေ၊ အသီးမခိုင်ဘဲ ဒူးရင်းအထွက်နှုန်းကျသွားသည်ဟု ဆိုသည်။

“လေကြောမိတော့ အသီးသီးတဲ့ ဒူးရင်းအပင်ကြီးတွေအကုန်ပါသွားတယ်။ တောင်ငူ-သံတောင်သွားတဲ့လမ်း ပျားစခန်းဘက်မှာ ဓာတ်တိုင်ကျိုးတဲ့အထိ လေပြင်းတာဆိုတော့ အခြေအနေ လုံးဝမကောင်းဘူး။ ခြံကိုသွားကြည့်ပြီး စိတ်ဓာတ်တွေပါကျတယ်” ဟု သံတောင်(၁၃)မိုင်နေ တစ်နိုင်တစ်ပိုင် ဒူးရင်းစိုက်ပျိုးရောင်းချသူက ပြောသည်။

ကော့ကရိတ်မြို့နယ်အနေဖြင့် ပူးရေးကျေးရွာအုပ်စု အဇင်း၊ သယ်ဖာထော့၊ ဖောနောခီး၊ ထူးထ၊ ကျောခီး စသည့်ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုနှင့်နေအပူရှိန်ကြောင့် အပင်ကြီးများလဲပြိုခြင်းသာမက အပင်ငယ်များသေဆုံးပြီး အသီးကြွေ၊ အထွက်နည်းကြောင်း ဒေသတွင်းဒူးရင်းစိုက် ခြံပိုင်ရှင်များထံမှ သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “နေအရမ်းပူပြီး ဒူးရင်းပင်တွေသေတယ်။ အပင်သေးတွေလည်း အများကြီးပါသွားတယ်။ အသီးတွေကလည်း မခိုင်ဘဲ ကြွေတာများတော့ အရင်နှစ်ထက်စာရင် ဝင်ငွေရမယ့်လမ်းကြောင်း နည်းသွားပြီ” ဟု ကေအိုင်စီကို ပြောသည်။

သံတောင်ကြီးဒူးရင်းသီးဈေးကွက်သည် ယခင်နှစ်တွင် ဒူးရင်းသီးတစ်လုံးလျှင် ၅,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့သည်။ ရာသီဥတုဘေးအန္တရာယ်ကြောင့် အထွက်နှုန်းနည်းသည့် ယခုနှစ်တွင်မူ ၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိသည်ဟု စီးပွားဖြစ်ဒူးရင်းစိုက်ပျိုး၊ ရောင်းချသူများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပဋိပက္ခများကြောင့် ကုန်သည်သွားလာရေး အစစ်အဆေး ယခင်ကထက်ပို၍များပြားလာခြင်းရှိသည်။

ထို့အတူ စိုက်ပျိုးသီးနှံတဆင့်ခံ ပြန်လည်ရောင်းချရာတွင်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဥယျာဥ်ခြံထဲအထိသွားရောက်ဝယ်ယူရန် အခက်အခဲပိုမိုရှိလာသလို စစ်ဘေးရှောင်အခြေအနေများကြောင့် စိုက်ပျိုးရေးကောင်းစွာ မလုပ်ဆောင်နိုင်ခြင်းရှိကြောင်းလည်း ဒေသခံများကပြောသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...