စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့် နည်းအမျိုးမျိုးဖြင့် စစ်သားစုဆောင်းခဲ့သည်။

ထိုသို့ စစ်သားစုဆောင်းသည့်ထဲတွင် ရွာငံမြို့နယ်မှ ဒေသခံများကို မဲနှိုက်ခိုင်းစေပြီး စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် ဒေသခံ (၅)ဦးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် မဲနှိုက်ရွေးချယ်ခဲ့ရာ ထိုထဲမှ (၃)ဉီးသည် ပြန်လွတ်လာပြီး ကျန်နှစ်ဉီးသည် တိုက်ပွဲအတွင်းကျဆုံးသွားကြောင်း စစ်မှုထမ်းမှ ပြန်လွတ်လာသည့် ရွာငံမြို့နယ် မှ ဒေသခံ အမျိုးသားတစ်ဉီးကပြောသည်။။

“ကျနော်တို့ ရွာငံဘက်က (၅)ယောက်မှာ (၃)ယောက်ပဲ အိမ်ပြန်လာနိုင်တယ်။ နှစ်ယောက်က ရှေ့တန်းမှာ ဆုံးသွားတယ်။ မိသားစုနဲ့ ပြန်မတွေ့ရတော့ဘူးလို့ထင်ခဲ့တာ၊ အခုကတကယ်အိပ်မက်ပါပဲ” ဟု စစ်မှုထမ်းမှ ပြန်လွတ်လာသူက ပြောသည်။

ထိုသူသည် စစ်မှုတမ်းသွားချိန်တွင် အသက် (၂၄)နှစ်အရွယ်သာရှိသည်။

စစ်မှုထမ်းခေါ်ခံရပြီးနောက် တောင်ကြီးခရိုင် ဟိုပုံးမြို့တွင် စစ်သင်တန်း တစ်လတက်ရပြီး၊ ရပ်စောက်မြို့ရှိ တပ်ထဲတွင် နှစ်လနေထိုင်ရကာ ရခိုင်ပြည်ဘက်သို့ ပို့ခံရကြောင်း ၎င်းကပြောပြသည်။

“ ရခိုင်ပြည်ရောက်တော့ ရှေ့တန်းပို့တာပဲ။ အတွေ့အကြုံမရှိတော့ ကြောက်တယ်။ ကိုယ်နဲ့အတူရှေ့တန်းရောက်တဲ့ ပဲခူးတိုင်းကကောင်လေးဆိုရင် ကိုယ့်ရှေ့မှာ သေဆုံးသွားတာမြင်တော့ ကျနော် စိတ်မခိုင်ခဲ့ဘူး။ ကျနော်ရဲ့ ဗိုလ်ကြီးက သဘောကောင်းလို့ ကျနော်ပြန်လွတ်လာတာ” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထိုသို့ စစ်မှုထမ်းပြန်လာသော လူငယ် (၃)ဉီးသည် ငရဲခန်းမှ ပြန်လွတ်မြောက်လာပြီး မိသားစုများကို ပြန်တွေ့ရသည့်အတွက် ပျော်ရွှင်သော်လည်း စစ်မှုထမ်းကာလတလျောက်လုံး ကြုံခဲ့သည့် အခက်အခဲများကြောင့် စိတ်ဒဏ်ရာ ကိုယ်စီဖြစ်နေကြောင်း ပြန်လွတ်မြောက်လာသည့် လူငယ်တစ်ဉီး၏ မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ အခုပြန်လာတော့ ဝမ်းသာတယ်။ ဒါပေမယ့် အခု သူတို့တွေက ညဆို ထထငိုတာ၊ ထထအော်တာတွေ အိပ်မက်ဆိုးမက်တာလားမသိဘူး။ နောက် တခုခုဆိုရင် ထိတ်လန့် ခြောက်ခြားနေတာတွေရှိတယ်။ ကျမတို့ကတော့ သူတို့ အကောင်းဆုံးပုံမှန်ပြန်ဖြစ်လာအောင် နေပေး ထောက်ပံ့ပေးရမှာပဲ” ဟု ၎င်းလွတ်မြောက်လာသည့် လူငယ်တစ်ဉီး၏ မိသားစုဝင် အမျိုးသမီးက ဆိုသည်။

ဆက်လက်ပြီး လက်ရှိ စစ်ဝတ်စုံမှ အရပ်သားဝတ်စုံသို့ ပြောင်းလဲ ဝတ်ဆင်သည့် စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင်အနေဖြင့် အရပ်သားများကို စစ်မှုထမ်းဖမ်းဆီးခြင်း၊ ခေါ်ဆောင်ခြင်း ထပ်မံမပြုလုပ်ရန်လည်း တောင်းဆိုခြင်းကြောင်း စစ်မှုထမ်း မိသားစုဝင် အမျိုးသမီးက ပြောသည်။

“ စစ်မှုထမ်းတွေ ထပ်မခေါ်စေချင်တော့ဘူး၊ သား(ပြန်လွတ်လာတဲ့သူ)ပြောပုံအရဆို သူတို့အသုတ်ထဲက အိမ်မပြန်နိုင်တဲ့သူတွေများတော့ မိသားစုတွေ ကလေးတွေကလည်း စိတ်ဒဏ်ရာတွေနဲ့ပေါ့” ဟု ၎င်းအမျိုးသမီးကဆိုသည်။

အရပ်ဝတ်ပြောင်းလဲလာသည့် စစ်ကော်မရှင် အစိုးရသစ်အဖွဲ့သည် ပြောင်းလဲမှုရှိနိုင်သော်လည်း အများကြီးမျှော်လင့်ချက် မရှိကြောင်း စစ်မှုထမ်းရက်စေ့ ပြန်လွတ်လာသည့် လူငယ်ကဆိုပြန်သည်။

“ကျနော်ကတော့ အများကြီးလည်း မမျှော်လင့်ရဲဘူး။ အခြေအနေက ပိုဆိုးရင် ဆိုးလာမှာ။ ကျနော်ကတော့ စစ်မှုထမ်းလို့ ရက်စေ့တဲ့သူအကုန်လုံးကို အိမ်ပြန်ခွင့်ရေစချင်တယ်၊ စစ်တပ်ကလည်း ကတိ တည်စေချင်တယ်၊”ဟု ၎င်းလူငယ်က ပြောဆိုလိုက်သည်။

ယခုလက်ရှိ ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က ရနဲကျေးရွာအုပ်စုဘက်နှင့် ကျောက်ငှက်ကျေးရွာ အုပ်စုဘက်တို့တွင် တပ်စွဲထားပြီး အနီးနားတောတောင်ဘက်သို့ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်မကောင်မရှင်တပ်၏ စစ်မှုထမ်း ဥပဒေအရ ယခုလက်ရှိတွင် အမှတ်စဉ် (၂၁)အထိရှိလာပြီး ဒေသတွင်းမှ လူငယ်များလည်း စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်မှုများ များပြားလာကာ အဆိုပါ စစ်မှုထမ်းနေရာအစားထိုးရန်အတွက် နည်းအမျိုးမျိုးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင်လည်း တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ အသက် (၃၁)နှစ်အရွယ် မောင်ချမ်းမြေ့အောင်သည် စစ်ကောင်စီ၏ အမှတ်စဉ်(၁) သင်တန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်တွင် ဟိုပုံးမြို့ စစ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီးနောက် (၆)လတွင် ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...