တောင်ကြီး သင်္ကြန်မဏ္ဍပ်ဆောက်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

တောင်ကြီး သင်္ကြန်မဏ္ဍပ်ဆောက်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်တွင် အတာသင်္ကြန် မဏ္ဍပ် (၉) ခုထက်မနည်း ဆောက်လုပ်ထားပြီး စစ်ကော်မရှင်က စက်သုံးဆီချွေတာရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်လည်း ပြုလုပ်ထားသည်။

ထိုသို့ သင်္ကြန်ပွဲတော် ဆင်နွှဲရန် တောင်ကြီးမြို့တွင် စိတ်ဝင်စားသူ နည်းပါးခြင်းမှာ ရာသီဥတု အေးခြင်း၊ စက်သုံးဆီဈေး မြင့်တက်ခြင်းနှင့် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးမှုတို့ကြောင့် စိတ်ဝင်စားသူ နည်းပါးသည်ဟု သိရသည်။

“သင်္ကြန်ကတော့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် လောက်တုန်းကလို ပျော်ဖို့ မကောင်းတော့ဘူး။ စက်သုံးဆီဈေးကလည်း ကြီးတော့ တစ်ပတ်မှ နှစ်ကြိမ်ပဲ ပေးထည့်တော့ လည်ဖို့တောင် မလောက်ဘူး။ ရာသီဥတုကလည်း အေးတော့ ရေဆော့ရင် အဆင်မပြေဘူး၊ ဘယ်မှလည်း မသွားရဲဘူး ပေါ်တာဆွဲခံရမှာ စိုးလို့၊ ခေတ်ကာလကလည်း ကောင်းတာ မဟုတ်ဘူး”ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သင်္ကြန်ရက်မတိုင်မီ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများက လိုင်စင်မဲ့ ယာဉ်များကို အုပ်စုလိုက် လိုက်လံ ဖမ်းဆီးနေသောကြောင့် အပြင်သွားရမည်ကို စိုးရိမ်နေရကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အလားတူ တောင်ကြီးမြို့တွင် လာရောက်၍ စစ်ဘေးရှောင်တိမ်းနေသူ အမျိုးသမီးတစ်ဦးကလည်း ငွေကြေးအခက်အခဲ၊ စက်သုံးဆီအခက်အခဲ၊ ဧည့်စာရင်း တိုင်ကြားရမည့် အခက်အခဲများကြောင့် သင်္ကြန်ပွဲတော် ကာလအတွင်း သွားရောက်လည်ပတ်ရန် အစီအစဉ် မရှိကြောင်း ပြောသည်။

“ဒီသင်္ကြန်တော့ ဘယ်မှ မသွားတော့ဘူး တွေးထားတယ်၊ သွားမယ်ဆိုရင်တောင် မြို့ထဲမသွားဘူး တခြားခရီးတစ်ခုပဲ သွားမှာ။ စစ်ရှောင်လာရတော့ ငွေကြေးအတွက်တွေ ဧည့်စာရင်းတိုင်ရမယ့် ကိစ္စတွေ တွေးပူရင်းနဲ့ ပျော်မှာလည်း မဟုတ်ဘူး၊ ဆီဈေးကလည်း တက်တော့ ပိုဆိုးပေါ့။ လည်ရင်းနဲ့ ပေါ်တာဆွဲခံရမှာလည်း ကြောက်တယ်၊ ကိုယ်သာ ဆွဲခံရရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး”ဟု တောင်ကြီးရောက် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကြီးသင်္ကြန်ပွဲတော်သို့ နယ်ဘက်မှ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးကြောင်း၊ အများစုမှာ တောင်ကြီးမြို့ပေါ် နေထိုင်သူများသာ သင်္ကြန်ပွဲသို့ လာရောက်လည်ပတ်ကြကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၉ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်သည့် သင်္ကြန်အကြို ပရီမီယာ ရှိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ပွဲတွင် လာရောက်သည့် လူငယ်များပြားကာ ရန်ပွဲများလည်း ဖြစ်ခဲ့ကြောင်း သိရသည်။

April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...