မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက အသွားအလာပိတ်ထားခြင်းဖြင့် နယ်မြေလုံခြုံရေးစိတ်မချရသေးသည့် အာရှလမ်းမကြီးအား အရပ်သားကားများအသုံးပြုရန် ဖိအားပေးနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံ စုံစမ်းချက်အရ သိရသည်။
ယမန်နေ့မနက်ပိုင်းက တံတားဦးကျေးရွာ၊ ဖားအံ-ကော့ကရိတ်လမ်းမပေါ်၌ ပြည်နယ်စစ်အုပ်ဦးဆောင်ကာ အာရှလမ်းဖွင့်ပွဲ ပြုလုပ်သွားခြင်းဖြစ်သည်။
လမ်းဖွင့်ဖွင့်ချင်း လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဒေသတွင်းကုန်သွယ်ခရီးသွားအများစု လမ်းအသွားအလာမပြုလုပ်ရဲသေးသော်လည်း ယခင်အသုံးပြုနေကျ တောင်ပေါ်လမ်းများစမတက်ခင် တောင်ခြေနေရာကို စစ်အုပ်စုက ပိတ်ထားသဖြင့် အာရှလမ်းသုံးရန်အခြေအနေသာရှိကြောင်း ယာဥ်မောင်းများထံမှ သိရသည်။
“သူတို့တောင်ပေါ်လမ်းကိုပေးမသွားတော့ဘူး၊ အာရှလမ်းပဲပေးသွားတယ်။ တောင်အောက်မှာပိတ်ထားတယ်။ မြို့မဝင်ခင် တာပေါင်လမ်းတွေမှာ။ နောက်တစ်ရက်နှစ်ရက်နေရင်ကျရင်တော့ မပြောတတ်ဘူး။ ဒီနေ့ကတော့ သွားလို့မရဘူး” ဟု ဖားအံမှမြဝတီ ခရီးသည်အကြိုအပို့ မော်တော်ယာဥ်မောင်းက ပြောသည်။
လမ်းပိတ်ထားစဥ်က မြဝတီမှသင်္ဃန်းညီနောင်အထိ ဖားအံမှကော့ကရိတ်အထိသာ အသွားအလာလုပ်၍ရသော်လည်း ယနေ့မနက် (၉)နာရီဝန်းကျင်တွင် ခရီးသည်တင် မော်တော်ယာဥ်လေးများ မြဝတီ-ကော့ကရိတ်-ဖားအံအထိ အာရှလမ်းအတိုင်း အသွားအလာလုပ်နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
တဖက်စစ်ရေးအခြေအနေအရ ကော့ကရိတ်မြို့နယ်ထဲရှိ မြပတိုင်နှင့်အောက်တိုတဲနေရာ၌ တော်လှန်ရေးအင်အားစုနှင့်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားခြင်းအပါအဝင် ပဋိပက္ခများရှိနေဆဲဖြစ်ပြီး လုံခြုံရေးစိတ်မချရသေးကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ကော့ကရိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က “အာရှလမ်းဘက်က သွားတော့သွားပါတယ် နည်းနည်းပါးပါးပဲ။ လေယာဥ်တစ်ချိန်လုံးဝဲနေတာ ဘယ်သူကတကယ်သွားရဲမှာလဲ။ ဒရုန်းနဲ့လည်းတချိန်လုံး ကြဲနေတာ” ဟု ကေအိုင်စီကို ပြောသည်။
ထို့အပြင် အာရှလမ်းမကြီးပြန်မဖွင့်ခင် ထိုင်း-မြန်မာချစ်ကြည်ရေး ကုန်သွယ်အမှတ်(၂)တံတားပါ ပြန်ဖွင့်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် ခရီးသွားယာဥ်များမှလွဲ၍ ကုန်တင်ယာဥ်ကြီးများကို အာရှလမ်းပေါ်အသွားအလာပေးမလုပ်သလို တံတား(၂)မှလည်း သွားလာခွင့်မရဘဲရှိနေသည်ဟု သိရသည်။
ထို့အတူ ဖားအံ-မြဝတီယာဥ်မောင်းအသိုင်းအဝိုင်းထံ စုံစမ်းချက်အရ လမ်းပွင့်သော်လည်း အခြေအနေကြည့်ပြီးသွားမည့်သူက အများစုဖြစ်သည်။
“ဖွင့်တာမဖွင့်တာ ကျနော်မသွားရဲသေးဘူး။ အပေါ်မှာဒီလောက်တစ်ဝုန်းဝုန်းတစ်ဒိုင်းဒိုင်းဖြစ်နေတာ။ သူများနည်းနည်းသွားလို့ဝသွားမှ သွားလိုက်မယ်။ အခုပူပူနွေးနွေးတော့သိပ်အဆင်မပြေသေးဘူး။ ပုံမှန်ဆို တောလမ်းကပဲသွားတာလေ” ဟု လှိုင်းဘွဲမှ မြဝတီသို့ ခရီးသည်တင်ယာဥ်မောင်းက ပြောသည်။
အာရှလမ်းပြန်ဖွင့်သည့်ကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်း စစ်ဇုန်ကျ အာရှလမ်းပေါ် သွားလာလိုပါက မိမိအသက်အန္တရာယ်လုံခြုံရေး မိမိတာဝန်သာဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုထံဖြေကြားထားသည်။
ထိုင်းနယ်စပ် မြဝတီမြို့မှတဆင့် ပြည်တွင်းသို့ကုန်သွယ်နိုင်သည့် အာရှလမ်းမကြီးကို စစ်ရေးအခြေအနေကြောင့် ၂၀၂၃ ခုနှစ်ကတည်းကပိတ်ထားခဲ့ပြီး အရပ်သားကားများမှာ ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် လမ်းဟောင်းများကို အစားထိုးအသုံးပြုခဲ့ရသည်။
အာရှလမ်းပြန်ရရေး ၂၀၂၅ ခုနှစ်၊ ဩဂုတ်မှစတင်ကာ စစ်အုပ်စုကအင်အားသုံးတိုက်ယူပြီးနောက် ပြန်လည်ထိန်းချုပ်ထားသော်လည်း ကော့ကရိတ်တောင်ပိုင်းရော မြောက်ပိုင်းတွင်ပါ စစ်ရေးအခြေအနေဖြစ်ပေါ်လျက်ရှိသည်။







