ကလေးမြို့မှာ လူငယ်များကို စစ်ကော်မရှင်တပ်က နေ့စဉ်ဖမ်းဆီးနေ

ကလေးမြို့မှာ လူငယ်များကို စစ်ကော်မရှင်တပ်က နေ့စဉ်ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ လမ်းသွားလမ်းလာလူငယ်များကို နေ့စဉ်နေ့တိုင်း ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကလေးမြို့ဒေသခံ များ ထံမှသိရသည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့က ဗိုလ်ချုပ်လမ်းမကြီး၊ မင်းကြီးဟိုတယ်ရှေ့တွင် လူငယ် အမျိုးသား (၇) ဦး ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့ထဲတွင် လသားအရွယ်ရှိသည့် ကလေးဖခင်တစ်ဦးနှင့် လူငယ် အမျိုးသားတစ်ဦးသာ ကျပ်ငွေ သိန်း (၄၀) နီးပါးဖြင့် ပြန်လည်ရွေးယူကာ လွတ်မြောက်လာခဲ့ကြသည်ဟု သိရသည်။

မတ်လ (၃၁) မနက်ပိုင်းတွင်လည်း မင်းကြီးဟိုတယ်ရှေ့တွင် စစ်ကော် မရှင်တပ်က စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုပြုလုပ်ခဲ့ပြီး လူငယ်အမျိုးသား (၃) ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် လူငယ်များသည် နေ့စဉ်နေ့တိုင်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရပြီး အဖမ်းခံရသူထဲက အနည်းစုကိုသာ မိသားစုဝင်များက ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်ကြသည်ဟု သိရသည်။

ထိုသို့ရွေးယူရာမှာ စစ်ကော်မရှင်တပ်နှင့်နီးစပ်သော ပွဲစားများမှတဆင့် ချိတ်ဆက်ကြပြီး လူတစ်ဦးလျင် အနည်းဆုံး ကျပ်ငွေသိန်း ၂၀ မှ သိန်း ၁၀၀ အထိ ကုန်ကျလေ့ရှိသည်ဟု သိရသည်။

ယခုနောက်ပိုင်းတွင် အဖမ်းခံရသူများကို ကလေးမြို့ စုပေါင်းရုံးတွင် ခဏထားရှိကာ တပ်စစ်ဆေးရုံမှာ ဆေးစစ်ချက်များရယူပြီး ဆေးအောင်သည့် လူငယ်များကို အခြားဒေသရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လေ့ရှိသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့ရှိ ဗိုလ်ချုပ်လမ်းမကြီး နှင့် စံပြလမ်းထောင့်၊ မင်းကြီးဟိုတယ်ရှေ့၊ စမ်းမြို့ ဘုန်းကြီးကျောင်းအနီး၊ ဆိပ်ကမ်းသာ တံတား နေရာတို့တွင် နေ့စဉ်နေ့တိုင်း လုံခြုံရေးအစောင့်တပ်ဖွဲ့များဖြင့် လူဖမ်းပွဲပြုလုပ်လေ့ရှိပြီး မြို့ပေါ်နေထိုင်သူများအနေဖြင့် သတိရှိစွာဖြင့် ရှောင်ကွင်းလာခြင်းများ ပြုလုပ်ရန် လိုအပ်သည်ဟု သိရသည်။

June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...
June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...