လောက်တူဒေသမှာ ညအိပ်ဧည့်သည်များ ဧည့်စာရင်းတိုင်ရမည်ဟုဆို

လောက်တူဒေသမှာ ညအိပ်ဧည့်သည်များ ဧည့်စာရင်းတိုင်ရမည်ဟုဆို

ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း လုံခြုံရေးအတွက် ညအိပ်အခြေပြုသည့် ဧည့်သည်များ ရောက်လာကပါက သတင်းပို့ တိုင်ကြားရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မပြုလျှင် အရေးယူမည်ဟု လောက်တူဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ်လ ၂၅ ရက်မှာ ကြေညာသည်။

ဒေသတွင်း လုံခြုံရေးအတွက် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများ စနစ်တကျ ကြပ်မတ် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများအနေဖြင့် မိမိထံ ညအိပ်မည့် ဧည့်သည်များကို အိမ်ရှင်၊ တည်းခိုခန်းတာဝန်ရှိသူများ ကိုယ်တိုင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ ခေါ်ဆောင်၍ သတင်းပို့ မှတ်တမ်းတင်ရမည်ဟု ထုတ်ပြန်သည်။

ညအိပ်မည့်သူဖြစ်ပါက ညနေ ၆ နာရီ မတိုင်မီ သတင်းပို့ရမည်၊ ည ၁၀ နာရီ မတိုင်မီ ရောက်ရှိသူဖြစ်ပါက ၁ နာရီအတွင်း သတင်းပို့ရမည်၊ ည ၁၀ နာရီကျော်မှ ရောက်ရှိလာပါက နောက်နေ့ မနက် ၈ နာရီ နောက်ဆုံးထား သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့ခြင်း မပြုဘဲ ထွက်ခွာခြင်း မပြုရဟု သတ်မှတ်ထားသည်။

ဒေသခံပြည်သူများက ဒေသတွင်း တခြားရပ်ကျေးသို့ သွားရောက်ပါက သတင်းပို့ရန် မလိုသကဲ့သို့ ဒေသပြင်ပကို ရောက်ရှိနေသူများ မိမိဒေသကို ပြန်လာပါကလည်း သတင်းပို့ရန် မလိုကြောင်း သိရသည်။

တော်လှန်ရေးတာဝန် ထမ်းဆောင်သူများကို လူကိုယ်တိုင် ခေါ်ဆောင်ရန် မလိုအပ်ဘဲ သီးခြားသတ်မှတ်နည်းဖြင့် သတင်းပို့နိုင်ပြီး ၎င်းတို့ကို သံသယ ဖြစ်ဖွယ် တွေ့ရှိပါက လူကိုယ်တိုင်းသတင်းပို့စေရမည်ဖြစ်ကြောင်း၊ NGO အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်ဖြစ်ပါကလည်း သတင်းပို့ရမည်ဟု ထုတ်ပြန်သည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးမေးမြန်းခြင်း၊ အထောက်အထား တောင်းယူခြင်းများ ပြုလုပ်နိုင်ခွင့် ရှိသည်ဟုလည်း ဆိုသည်။

စည်းကမ်းချက်များကို မလိုက်နာပါက ကျပ်တစ်သောင်းထက် မနည်း၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ၊ အခြားစီမံခန့်ခွဲရေး နည်းလမ်းအရ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ပေါင်းပြီး အရေးယူနိုင်သည်ဟု ထုတ်ပြန်သည်။

လောက်တူဒေသတွင် လောက်တူဒေသခံ ပြည်သူ မဟုတ်ဘဲ လာရောက်အခြေချ နေထိုင်သူများ၊ စစ်ဘေးရှောင် များ အပါအဝင် မည်သည့်အကြောင်းကြောင့် ခိုလှုံနေထိုင်သူဖြစ်စေ ဧပြီ ၁ ရက်မှ ၁၀ ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ထံ လာရောက် မှတ်ပုံတင်ရန် လိုအပ်ပြီး ၎င်းတို့ကို ယာယီအိမ်ထောင်စု စာရင်း နှစ်ပတ်အတွင်း ပြုလုပ်ပေးမည်ဟု မတ်လ ၂၃ ရက်က လောက်တူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...