ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသွားပြီ ဖြစ်သော်လည်း မြေပြင်တွင်မူ တအာင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် စာပေဆိုင်ရာ အခွင့်အရေးများ ကန့်သတ်ပိတ်ပင်ခံနေရကြောင်း ဒေသခံများက ပြောသည်။
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ၄ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် မတ်လ ၂၁ ရက်နေ့တွင် အဓိက သဘောတူ ညီချက် (၅) ချက် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ယခုကဲ့သို့ အတည်ပြုပြောသည်။
“တွေ့ဆုံဆွေးနွေးမှုမှာ နှစ်ဖက်တပ်တွေ အပစ်ရပ်နိုင်ဖို့ သဘောတူခဲ့တယ်။ နောက်ပြီး နှစ်ဖက်တပ်က မဟာမိတ် အဖြစ် ဆက်လက်ရပ်တည်ဖို့၊ နောက်တစ်ခုက နယ်မြေတွေ သတ်မှတ်နိုင်ခဲ့တယ်။ နယ်မြေနဲ့ ပတ်သက်ပြီးတော့ ပြောနိုင်ခြင်းမရှိသေးဘူး။ တခြားတပ် နေရာချထားရေးတွေ တဖြည်းဖြည်း သတ်မှတ်ထားတဲ့ နေရာ ပြန် ရောက်မှပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် ကွတ်ခိုင်ကိုတော့ MNDAA က ဆက်လက်ထိန်းချုပ်မှာ ဖြစ်တယ်။ နောက်ထပ်တစ်ခုကတော့ နှစ်ဖက်တပ်ကြား ထိန်းသိမ်းထားတဲ့ တပ်သားတွေ၊ လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံဖို့ နှစ်ဖက်သဘောတူတာတွေ ရှိတယ်”
အဆိုပါ အပစ်ရပ်စဲရေး သဘောတူညီချက် မရရှိမီ ရက်ပိုင်းအလို မတ်လ ၁၇ ရက်နေ့က မန်ပြိန်းကျေးရွာသူကြီး ဦးနိုင်ကိန်အား MNDAA တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းနှင့် မတ်လ ၁၅ ရက်နေ့က လွယ်ဆိုင် ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ဒရုန်းဗုံးထိမှန် ပျက်စီးခဲ့သည့် ဖြစ်စဉ်များကြောင့် ဒေသခံ များမှာ စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်သည်။
အလားတူ မြေပြင်အခြေအနေတွင် MNDAA အုပ်ချုပ်ရေးအောက် ရောက်ရှိသွားသည့် ကွတ်ခိုင်မြို့နယ် အတွင်း ရှိ တအာင်းကျေးရွာ ၁၄ ရွာထက်မနည်းတွင် တအာင်းအမျိုးသားအလံများအား ဖြုတ်ချခိုင်းခြင်းနှင့် တအာင်း စာပေဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များကို မြန်မာ (သို့မဟုတ်) တရုတ်ဘာသာဖြင့်သာ လဲလှယ်ရေးသားရန် ဖိအားပေး ညွှန်ကြားမှုများ ရှိနေသည်။
နမ့်ဖတ်ကာဘက်မှ တအာင်းဒေသခံ အမျိုးသမီးတစ်ဦးက “အပစ်ရပ်တယ်ဆိုတာ ကြားရလို့ ဝမ်းသာပေမဲ့ မြေ ပြင်မှာတော့ ကျမတို့က ကြောက်နေရတုန်းပဲ။ အမြဲတော့ သတိနဲ့ နေရမယ့် အနေအထားမျိုးပေါ့နော်။ ကိုးကန့် တပ်သားတွေက အိမ်ထဲအထိ ဝင်မွှေပြီး ဆိုင်ကယ်တွေ၊ အိမ်သုံးပစ္စည်းတွေ ယူသွားကြတယ်။ ပိုဆိုးတာက ကျမတို့ရဲ့ တအာင်းအလံတွေကို ဖြုတ်ခိုင်းပြီး တအာင်းစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ပေးမသုံးတော့ဘူး” ဟု ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော ကွတ်ခိုင်တိုက်ပွဲအတွင်း MNDAA ၏ ဒရုန်းဗုံးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကလည်း ဒေသခံများ အကြား စိုးရိမ်ထိတ်လန့်မှုကို ပိုမိုမြင့်တက်စေခဲ့သည်။
လက်ရှိတွင် နှစ်ဖက်ခေါင်းဆောင်များက အငြင်းပွားမှုများကို ဆွေးနွေးအဖြေရှာရန် သဘောတူထားကြ သော်လည်း နယ်မြေစိုးမိုးမှု အပြောင်းအလဲကြားတွင် တအာင်းတိုင်းရင်းသားတို့၏ လုံခြုံရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ကန့်သတ်မှုများနှင့် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများမှာ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။







