လေယာဉ်ဆီပြတ်လပ်၍ ပြည်တွင်းလေကြောင်းလိုင်းများ ဧပြီလကုန်အထိ ခရီးစဉ်ဖျက်သိမ်း

လေယာဉ်ဆီပြတ်လပ်၍ ပြည်တွင်းလေကြောင်းလိုင်းများ ဧပြီလကုန်အထိ ခရီးစဉ်ဖျက်သိမ်း

စိုင်းခွမ်မိန်း — လတ်တလော ရင်ဆိုင်နေရသည့် လေယာဉ်ဆီ အခက်အခဲများကြောင့် မြန်မာပြည်တဝှမ်း ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှ ဧပြီလကုန်အထိ ပြည်တွင်းခရီးစဉ် အများစုကို ဖျက်သိမ်းနေကြောင်း စုံစမ်းသိရသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ၊ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ မင်္ဂလာ Mingalar Airline ၊ Air Thanlwin ၊ မန်းရတနာပုံ စသည့် လေကြောင်းလိုင်းများမှာ လေယာဉ်ဆီ ပြတ်လပ်မှု အခက်အခဲများကြောင့် မတ်လ ၂၀ ရက်မှ စတင်ပြီး ဧပြီလကုန်အထိ ပြည်တွင်းခရီးစဉ် အများစုကို ပြေးဆွဲမှု ရပ်နားထားကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

“လောလောဆယ် Flight Cancel ထားလို့ လေယာဉ်လက်မှတ်က ရောင်းလို့ မရသေးဘူး။ ညွှန်ကြားစာအရ ဆိုရင် လေးလပိုင်းအထိ Cancel ခိုင်းထားတယ်။ ရန်ကုန်-ဟဲဟိုး၊ မန္တလေး-တာချီလိတ်တို့ဆိုရင် လက်မှတ်မရောင်းတော့ဘူး၊ ဘယ်လေကြောင်းလိုင်းမှ မရဘူး။ မန္တလေး-ရန်ကုန်လောက်ပဲ သွားလို့ရတော့တယ်” ဟု တောင်ကြီးမြို့မှ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်တွင် MAI နှင့် MNA လေကြောင်းလိုင်းများမှ ခရီးသည်တစ်ဦးလျှင် ဝန်စည်အပိုသယ်ယူခွင့်ကို ၁၀ ကီလိုဂရမ်သာ ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းခရီးစဉ်များကို မပျံသန်းနိုင်တော့ဘဲ ဖျက်သိမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထိုကဲ့သို့ လေကြောင်းလိုင်း အများစုမှာ ပြည်တွင်းခရီးစဉ်များ ဖျက်သိမ်းပြီး ရပ်နားလိုက်ခြင်းကြောင့် ခရီးသွားလာရန် ကြိုတင်လက်မှတ်ဖြတ် ဝယ်ယူထားသည့် ပြည်သူများမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရပြီး သင်္ကြန်ကာလ အားလပ်ရက် ပိတ်ရက်ရှည် နေရပ်ပြန်မည့်သူများ အခက်အခဲ ကြုံနိုင်ကြောင်း ခရီးသွားများထံမှ သိရသည်။

“အစကတော့ သင်္ကြန်ပြန်ဖို့ တာချီလိတ်-ဟဲဟိုး-မန္တလေး အဲ့လို လက်မှတ်ဖြတ်ထားတာ။ မနေ့ကပဲ အေးဂျင့်ဘက်က ဖုန်းဆက်လာပြီး ခရီးစဉ် ဖျက်လိုက်တယ်၊ လက်မှတ်ဖိုးတော့ ပြန်အမ်းပေးမယ် ပြောပေမယ့် ဝန်ဆောင်ခတော့ ပြန်မရဘူးလို့ ပြောတာ။ လမ်းမှာ အစစ်အဆေးနဲ့ သွားလာရ ခက်လို့ ပြန်ဖြစ်မလားတောင် မသိဘူး” ဟု ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောဆိုသည်။

လက်ရှိ ပြည်တွင်း၌ စစ်ကော်မရှင်၏ စက်သုံးဆီ ကန့်သတ်ထိန်းချုပ်မှုကြောင့် လေယာဉ်ဆီ ရရှိရန် ခက်ခဲနေပြီး ပြည်ပနိုင်ငံများမှ ဆီဝယ်ဖြည့်နေရသော်လည်း လုံလောက်မှု မရှိဘဲ ခရီးစဉ်များ ဆက်တိုက်ဖျက်သိမ်းနေရကြောင်း သိရသည်။

June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...
June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...
June 10, 2026
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်)...
June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...