ရွေးကောက်ပွဲကာလ စစ်ကော်မရှင်က ဒစ်ဂျစ်တယ် အမှောင်ချခဲ့

ရွေးကောက်ပွဲကာလ စစ်ကော်မရှင်က ဒစ်ဂျစ်တယ် အမှောင်ချခဲ့

ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်က နည်းပညာသုံး၍ သတင်းမီဒီယာများကို ဒစ်ဂျစ်တယ်အမှောင်ချပြီး ပြည်သူ့သတင်းသိပိုင်ခွင့်ကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်ဟု IPCM ထုတ်ပြန်သည်။

မြန်မာစစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာများကို ဖိအားပေးကာ အင်တာနက်နှင့် လွတ်လပ်သော မီဒီယာဝက်ဘ်ဆိုက်များကို ၉၀ ရာခိုင်နှုန်းကျော်အထိ စနစ်တကျ ပိတ်ဆို့ဖြတ်တောက်ခဲ့ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ပြောသည်။

ပိတ်ဆို့မှုအခြေအနေနှင့်ပတ်သက်၍ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “မြန်မာပြည်မှာ လွတ်လပ်တဲ့ မီဒီယာတိုက်တွေကို ပိတ်ဆို့ထားတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ၇၉ ရာခိုင်နှုန်းလောက် ပိတ်ထားပါ တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အချိန် ၃ လကို ကျနော်တို့ လေ့လာကြည့်တဲ့ အချိန်မှာ ၉၃ ရာခိုင်နှုန်းအထိ ပိတ်သွားပါတယ်။ ဒီတစ်ခေါက် ပိုခေတ်မှီ လာတာကတော့ ပိတ်လို့ ပိတ်မှန်း မသိဘူး။ လွတ် လပ်တဲ့ မီဒီယာတိုက်ကို သွားရင် အင်တာနက်က နှေးသလိုလို ဆိုက်ကပဲ ဝင်လို့ မရသလိုလို အဲ့လိုဖြစ်အောင် တမင် နည်းပညာနဲ့ လုပ်ထားတယ်ဆိုတာ ကျနော်တို့ တွေ့ရှိပါတယ်” ဟု ပြောသည်။

ဒစ်ဂျစ်တယ်နည်းပညာသုံး၍ သတင်းအမှောင်ချမှုများသည် သတင်းသမားများအတွက် သတင်းရယူရန် ခက်ခဲစေရုံသာမက ပြည်သူလူထု၏ သတင်းအမှန်သိပိုင်ခွင့်ကိုပါ ဆိုးရွားစွာ ထိခိုက်စေလျက်ရှိသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် (Human Rights in Myanmar) HRM အဖွဲ့တို့ ပူးပေါင်း၍ စစ်ကော်မရှင်၏ သတင်းစီးဆင်းမှု ပိတ်ဆို့ဖြတ်တောက်မှုများ အပေါ် မတ်လ ၁၆ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါအစီရင်ခံစာအရ စစ်ကော်မရှင်သည် အာဏာသိမ်းချိန်မှစ၍ အင်တာနက်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ သော်လည်း ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကာလတွင် နည်းပညာအသစ်များ အသုံးပြုကာ ပိုမိုတိုးမြှင့်လုပ်ဆောင် ခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်သည် ၎င်းတို့ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးအော်ပရေတာများမှ တစ်ဆင့် လူကြည့်များသည့် ပင်မ မီဒီယာများသာမက တိုင်းရင်းသားမီဒီယာများနှင့် ဒေသအခြေပြုမီဒီယာများကိုပါ ကန့်သတ်ပိတ်ပင်ခဲ့သည်။

ထိုသို့ သတင်းအမှောင်ချထားမှုကြောင့် မြေပြင်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန် အလွန်ခက်ခဲလာကြောင်း Narinjara သတင်းဌာနမှ သတင်းထောက် အေးမြတ်ခိုင်က ပြောသည်။

“သတင်းတစ်ခု ရဖို့ကို အရင်လိုမျိုး အချိန်နဲ့တပြေးညီ တိတိကျကျ အတည်ပြုမှုဆိုတဲ့ အပိုင်းမှာလည်း အရမ်း အားနည်း သွားတာတွေ ရှိတယ်။ ဖုန်းလိုင်းတွေ ဆက်သွယ်ရေး မရတော့ ရတဲ့အချိန်မှ တင်ပြနိုင်တယ်။ ဆက် သွယ်ရတဲ့ သတင်း အရင်းအမြစ်တွေကလည်း အကန့်အသတ်တွေ ရှိသွားတယ်။ အင်တာနက်လိုင်း ဖြတ် တောက် ခံထားရတဲ့ ကြားကာလတွေမှာဆိုရင် ဒေသခံပြည်သူရဲ့ သေဆုံးမှုတွေ၊ မတရား ညင်းပန်းနှိပ်စက် ခံရမှုတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဆိုတာကလည်း အရင်ကထက် ပိုပြီးတော့မှ များပြားတဲ့ အခြေအနေ မျိုးတွေကို တွေ့ရတယ်ပေါ့နော်။”

လက်ရှိတွင် ရခိုင်ဒေသ၌ ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ နှစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ရာ ဒေသခံများမှာ ‘မျက်စိပိတ်၊ နားပိတ်’ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

စစ်ကော်မရှင်ပိုင် MPT နှင့် Mytel တို့အပြင် နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီ ၁၂၀ ခန့်သည်လည်း လိုင်စင် သိမ်းဆည်းမည့် ခြိမ်းခြောက်မှုများကြောင့် စစ်တပ်၏ ပိတ်ဆို့ရေးယန္တရားတွင် ပါဝင်ကူညီခဲ့ကြသည်ဟု ဦးတိုးဇော်လတ်က ဆက်ပြောသည်။

“တကယ်တော့ မီဒီယာ Service ကုမ္ပဏီတွေသည် တကယ်တော့ နိုင်ငံတကာ ဥပဒေတွေအရ စားသုံးသူတွေကို ပိတ်ဆို့ခွင့် မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီ ကုမ္ပဏီ ၁၂၀ လုံးက စစ်တပ်ကို မကျော်လွန်နိုင်တော့ ကြောက်ကြောက်နဲ့ အကုန်လုံး ပိတ်ခဲ့တာတွေ့ပါတယ်။”

စစ်ကော်မရှင်က ဒစ်ဂျစ်တယ်နည်းပညာဖြင့် သတင်းအမှောင်ချရန် ကြိုးပမ်းနေသည့် တချိန်တည်းမှာပင် Facebook (Meta), Youtube နှင့် X (Twitter) ကဲ့သို့သော နိုင်ငံတကာနည်းပညာ ကုမ္ပဏီကြီးများက စစ်ကော်မရှင်၏ ဝါဒဖြန့်အကောင့်များနှင့် မိုင်တဲလ်ကုမ္ပဏီနှင့် ပတ်သက်သည့် အကောင့်ပေါင်း ထောင်ချီကို ဖယ်ရှားခြင်းဖြင့် တုံ့ပြန်ခဲ့ကြကြောင်း Justice For Myanmar (JFM) က အချက်အလက်များထုတ်ပြန်ခဲ့သည်။

IPCM နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကမူ ယခုကဲ့သို့သော သတင်းစီးဆင်းမှု ပိတ်ဆို့ခြင်းသည် စစ်ကော်မရှင်က ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဝေဖန်ရှုတ်ချထားကြပြီး ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ကာကွယ်ပေးရန် တောင်းဆိုထားကြသည်။

ဓါတ်ပုံ - ဒရုန်းထိမှန်သေဆုံးသွားသည့် ပရဟိတသမား မိုင်းထွန်းလှပုံ
March 20, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့်...
KNU (ပုံဟောင်း)
March 19, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏...
March 18, 2026
စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကောလင်းမြို့နယ် အစပ်ရှိ ရွှေဖောင်များကို စစ်ကော်မရှင်က...
March 17, 2026
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့...