စစ်တွေတွင် CCTV တပ်ဆင်ကာ စစ်ကော်မရှင်က စောင့်ကြည့်နေ

စစ်တွေတွင် CCTV တပ်ဆင်ကာ စစ်ကော်မရှင်က စောင့်ကြည့်နေ
ဓာတ်ပုံ - ပုံဟောင်း
ဓာတ်ပုံ - ပုံဟောင်း

နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က မြို့ပေါ်လမ်းဆုံလမ်းခွတိုင်းနီးပါးတွင် ဆိုလာစနစ်ဖြင့် CCTV တပ်ဆင်ကာ စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “ လမ်းတိုင်းနီးပါးမှာ CCTV တွေတပ်ထားပါတယ်။ မီးပွိုင့်ရှိတဲ့ နေရာတွေမှာရောပါ။ တပ်ထားတာ ၂ လ၊ ၃ လရှိပြီထင်ပါတယ်။ သေချာ မမှတ်မိတော့ဘူး။ ခုလိုတပ်ထားပေမဲ့ဘယ်သူခိုးကိုမှဖမ်းမိတာမရှိတော့အဓိကနိုင်ငံရေးအရ၊ စစ်ရေးအရ မသင်္ကာတဲ့လူတွေကိုစောင့်ကြည့်ဖို့တပ်ထားတာဘဲဖြစ်နိုင်တယ်"ဟု ဆိုသည်။

လက်ရှိစစ်တွေတွင် လျှပ်စစ်မီးမရရှိသဖြင့် လမ်းမီးများကိုဆိုလာဖြင့် ပေးနေပြီး မီးပွိုင့်များတွင်သာမက လမ်းအတော်များများတွင် CCTV များတပ်ဆင်ထားသည်ဟု သိရသည်။

“ လမ်းမီးတွေပြင်၊ ဟိုပြင်ဒီပြင်တော့ တွေ့တယ်။ ညဘက်ဆို လမ်းမီးတွေလင်းပါတယ်။ ဆိုလာနဲ့ပေးတာပါ။ စစ်တွေမြို့ပေါ်ရှိ မီးပွိုင့်များ၊ ဘုရားကြီးအနီးရှိလမ်းများ၊ မင်းဘာကြီးလမ်း၊ လမ်းမကြီး၊ မေယုလမ်းနဲ့ တခြားလမ်းအတော်များများရဲ့လမ်းဆုံတိုင်းမှာ ဆိုလာစနစ်နဲ့ CCTV တွေတပ်ဆင်ထားတယ်။ စစ်ကော်မရှင်က လူတွေရဲ့သွားလာလှုပ်ရှားမှုကိုစောင့်ကြည့်နေတယ်”ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့အတွက် ပြည်သူများမှာ CCTV တပ်ဆင်ထားမှုအပေါ်  သံသယဖြစ်နေပြီး လမ်းပေါ်ထွက်ပြီးဖုန်းဖြင့် စကားမပြောဝံ့ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ CCTV တွေတပ်ထားလို့ ဖုန်းလိုင်းမကောင်းရင်တောင် လမ်းပေါ်ထွက်ပြောလို့ အဆင်မပြေဘူး။ ၂၄ နာရီစောင့်ကြည့်နေကြတယ်လို့ ကြားတယ်။ နိုင်ငံရေးအရ ပြည်သူတွေကို စောင့်ကြည့်တာရော၊ သူတို့ဝန်ထမ်းကို သူတို့မယုံကြည့်လို့ စောင့်ကြည့်တာလည်းပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ရှိ စေတီ၊ ဘုရားများနှင့် လမ်းများတွင် ပြည်နယ်အစိုးရအဖွဲ့က ဆိုလာမီး ၇၀၀ တပ်ဆင်ပေးခဲ့သောကြောင့် ညမီးတိုင်များ မီးလင်းနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့က သိကြားစေချင်ငွေသဇင် ဖေ့ဘုတ်လှုမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။

ထိုနောက်ပိုင်းတွင် စစ်ကော်မရှင်က မြို့ပေါ်ရှိလမ်းများ၊ မီးပွိုင့်များ၊ အချက်အချာကျသည့် နေရာများတွင် CCTV များတပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ CCTV တပ်ထားတာ ကောင်းတယ်လို့ ပြောရအောင်လည်း ခိုးတဲ့သူတွေကိုလည်း မဖမ်းနိုင်ဘူး။ အိမ်တောင်မကျန်တော့ဘူး ခိုးနေကြတာ။ သူတို့မှာ ခိုးတဲ့သူတွေကို စောင့်ကြည့်ဖို့ထက် AA ကလူတွေကိုထောက်လှမ်းဖို့နိုင်ငံရေးအတွက် ပိုက်ဆံအကုန်ပြီးတပ်ထားတာလေ ”ဟု စစ်တွေမြို့ခံအမျိုးသားက ဆက်ပြောသည်။

စစ်တွေမြို့ပြင်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကော်ရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စက်သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများကို မြို့ထဲမှ တစ်ခါတရံ ကြားရကြောင်း မြို့ခံများက ပြောကြသည်။

အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားပြီး မာန်အောင်မြို့မှလွဲ၍ ကျန်သည့် မြို့တော်စစ်တွေနှင့် ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ထို့သို့ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ULA/AA ၏ သတင်းပေးများနှင့် အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စစ်ရေးအရစောင့်ကြည့်ချင်၍ စစ်တွေမြို့တွင် CCTV တပ်ဆင်ထားခြင်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူတစ်ဦးက သုံးသပ်သည်။

စစ်တွေတွင် ယခင် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အစိုးရမှ ကျပ်သိန်းပေါင်း ၁၂၀၀ အသုံးပြုကာ CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်ခဲ့သေးသည်။

March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...
March 19, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း(၁၇) နှစ်မြောက်၊ တပ်တော်‌...
March 18, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူကိုဖမ်းမိပြီး...
March 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့စစ်နှာတွင် အာရက္ခတပ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့်...