နမ့်ဖတ်ကာက ပြည်သူတွေသတိထားကြဖို့ KIA အသိပေး

နမ့်ဖတ်ကာက ပြည်သူတွေသတိထားကြဖို့ KIA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက ပြည်သူတွေအနေနဲ့ သတိရှိရှိနေကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) က အသိပေးလိုက်ပါတယ်။

လက်ရှိ ကိုးကန့်တပ် (MNDAA)နဲ့ တအာန်းတပ်(TNLA) ရဲ့ ပဋိပက္ခကြောင့် သတိထားကြဖို့ KIA က အသိပေးအကြောင်းကြားစာ ပေးပို့ထားတာလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ပြည်သူတွေကို သူတို့ရဲ့ မြို့နယ်ရုံး(နမ့်ဖတ်ကာ) ကနေ အကြောင်းကြား အသိပေးတာဟုတ်တယ်။ ရပ်ကွက်ရုံးတွေကို အကြောင်းကြားတာ။ တကယ်လို့ တိုက်ပွဲကြီးလာရင် သတိရှိဖို့ ကြိုတင်အသိပေးတဲ့ စာပဲဟုတ်တယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA က မတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ နမ့်ဖတ်ကာ အုပ်ချုပ်ရေးရုံးဆီကို စာတစ်စောင်ပေးပို့ထားပြီး အများပြည်သူ သိရှိအောင်လည်း ကြေညာပေးဖို့ ပြောဆိုထားတယ်လို့ ရုံးနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

"ပြည်သူတွေကို KIA ဘက်က သိထားစေချင်တဲ့စာပါ" လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

စာမှာပါတဲ့ အကြောင်းအရာတွေကတော့ ည ၈ နာရီအချိန်ကစလို့ အပြင်လုံးဝမထွက်ဖို့၊ ခရီးထွက်တာတွေ လယ်တောသွားတာတွေမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ဝတ်စုံ ဝတ်ဆင်တာမျိုး မပြုလုပ်ကြဖို့ အပြင် အိမ်တိုင်း ကတုတ်ကျင်းတူးထားဖို့ စတဲ့ အချက်တွေပါရှိပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဖျားနာလို့ အရေးပေါ်သွားလာရမယ်ဆိုရင်လည်း အုပ်ချုပ်ရေးရုံးကို သတင်းပေးပို့ပြီးမှ သွားလာဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ကိုယ့်ရပ်ကွက်ထဲမှာ ထူးခြားဖြစ်စဥ် ပေါ်လာရင် အချိန်မီ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

မနေ့က မတ်လ ၁၆ ရက်နေ့ ညနေပိုင်းကတော့ MNDAA တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ နဲ့ အထူးတပ်ဖွဲ့တွေက ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ KIA ဂိတ်တွေကို ဂိတ်ဖျက်သိမ်းပေးဖို့ သွားရောက်ဖိအားပေး ပြောဆိုတာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ကိစ္စနဲ့ပတ်သက်လို့တော့ ဗိုလ်မှူးကြီးနော်ဘူက MNDAA ဘက်ကနေ KIA ဆီ တရားဝင် စာပို့ ပြောဆိုလာတာမျိုး မရှိသေးကြောင်းနဲ့ ရှေ့တန်းနေရာတွေမှာ တွေ့ဆုံချိန် ပြောဆိုတာမျိုး ရှိမရှိကိုတော့ မသိဘူးလို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ MNDAA နဲ့ TNLA ကြား ပစ်ခတ်မှုတွေ ရပ်တန့်နေပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနေတယ်လို့ သတင်းဌာနတချို့က ရေးသားထားကြပါတယ်။

April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...
April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...
April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...