ရခိုင်ပြည်၊ ကျောက်ဖြူမြို့စစ်နှာတွင် အာရက္ခတပ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်ကော်မရှင် တပ်မ (၁၁) အား စစ်တွေစစ်မျက်နှာသို့ ရွှေ့ပြောင်းသွားပြီး ၎င်းနေရာတွင် တောင်ကုတ်စကခ (၅) လက်ကျန် တပ်ဖွဲ့များဖြင့် စုပေါင်းပြီးအစားထိုးလိုက်သည်ဟု စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။
" တပ်မ (၁၁)ကို ကျောက်ဖြူကနေ တခြားနေရာကိုရွှေ့ပြောင်းလိုက်တယ်။ ဒီမတ်လအတွင်းမှာပါဘဲ။ စစ်တွေဖက်ကို ဖြစ်ဖို့များတယ်။ ဘာကြောင့် အရွှေ့အပြောင်းလုပ်သလဲဆိုတာတော့ သေချာမသိဘူး။ စစ်တွေစစ်မျက်နှာက ကျောက်ဖြူထက် ပိုလို့ အရေးကြီးလာလို့လား။ ဒါမှ မဟုတ်။ ကျောက်ဖြူ စစ်ပွဲမှာ အထိနာနေတော့ စစ်တွေဘက်ကို ခေါ်ယူပြီး အနားပေးထားတာလား။ တိတိကျကျတော့ မသိဘူး။ ဒါပေမဲ့ တပ်မ(၁၁)က ကျောက်ဖြူမှာ တော်တော်လေး အထိနာသွားခဲ့တယ်လေ" ဟုပြောဆိုသည်။
ကျောက်ဖြူ စစ်မျက်နှာတွင် တပ်မ (၁၁) သည် တပ်မမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင် (၄၅) နှစ် (၂၇-၅-၂၀၂၅) နေ့တွင် AA ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်အထိ အထိနာမှု ရှိခဲ့ရသည်ဟု သိရသည်။
မတ်လအတွင်း တပ်မ(၁၁)ကျောက်ဖြူမှ ပြောင်းရွှေ့သွားပြီးနောက် ၎င်းနေရာတွင် AA သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ကြသည့် တောင်ကုတ် စကခ(၅)မှ လက်ကျန်စစ်သားများကို ပြန်လည် စုဖွဲ့ကာ မာန်အောင်မြို့မှတဆင့် ရေကြောင်းနေဗီများဖြင့် ကျောက်ဖြူကို ပို့ဆောင်ထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ ရခိုင်ပြည်တွင် အာရက္ခတပ်တော် (AA)စစ်ကော်မရှင်တို့အကြား စစ်တွေရော၊ ကျောက်ဖြူမှာပါ စစ်ရေးတင်းမာနေပြီး နှစ်ဖက် စစ်ဆိုင်ထားသည့် အနေအထားတွင် ရှိနေသဖြင့် စစ်ရေးအခြေအနေမှာ ရှေ့တွင် ပိုပြီး ပြင်းထန်လာနိုင်သည်ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့တိုက်ပွဲအတွင်း စစ်ဆင်ရေးကိုအဓိကကွပ်ကဲနေသည့် တပ်မ(၁၁)ကိုပြောင်းရွှေ့သွားသော်လည်း ယင်းနေရာတွင် စစ်ကော်မရှင်က တပ်ဖွဲ့ဝင်အများအပြားကို ထပ်မံချထားသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။
" အခုကျောက်ဖြူတိုက်ပွဲတွေထဲမှာ တောင်ကုတ် စကခ(၅)တပ်မက လက်ကျန်စစ်သားတွေ စုဖွဲ့ စုပေါင်း ပို့နေတာကိုတွေ့ရတယ်။ ဘယ်ကဘယ်လိုရောက်လာလဲတော့ သေချာမပြောနိုင်ပေမယ့် မာန်အောင်ဖက်ကနေ ရေကြောင်းကနေပို့ဆောင်တာဖြစ်ဖို့များတယ်။ တပ်သားသစ် ပြည်သူ့ စစ်မှုထမ်းတွေနဲ့ ကျောက်ဖြူတိုက်ပွဲမှာ အလုပ်မဖြစ်တော့ စစ်ပြေးလူဟောင်းတွေကို ပြန်လည် စုဖွဲ့မှုလုပ်ပြီး ပို့လာတဲ့အနေထားပါ "ဟု ပြောသည်။
မတ် ၁၅ ရက်နေ့ ညအချိန်က (AA) ထိန်းချုပ်နေရာများထိ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းများနှင့် အာရက္ခတပ်တော်တို့ သိုင်းချောင်းဝန်းကျင်နှင့် မင်းပြင်ဝန်းကျင် အနီးအနားတွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
" သူတို့ နေ့ခင်းမဟုတ်တော့ဘူး။ ညအချိန်မှာလည်း စစ်ကြောင်းထိုးတာ။ အဲဒါကို AA က တက်မလာနိုင်အောင်ကြားဖြတ်တိုက်တော့ ညအချိန်မှာတိုက်ပွဲဖြစ်ကြတာ။ စစ်ကြောင်း တပ်ရင်းကလည်း အပြောင်းအလဲလုပ်ထားတော့ အရင်က AA ဆီမှာ ညဖက်ဆိုအငိုက်သုတ် တိုက်ခိုက်ခံရတာများလို့ သူတို့ညမှာ ပြန်စစ်ဆင်ရေးလုပ်တဲ့သဘောလို့မြင်ပါတယ်" ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း သိုင်းချောင်းဝန်းကျင်ကို နယ်ကျွံစစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို (AA)၏ တိုက်ခိုက်မှုကြောင့် သေဆုံးမှုများကာ အထိနာပြီး နောက်ဆုတ်ခဲ့ရကြောင်း သိရသည်။







