စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဘက်ကို စစ်ကူအင်အား ၂၀၀ ကျော်နဲ့ လက်နက်ခဲယမ်း ရိက္ခာတွေကို စစ်ကော်မရှင်တပ်က ထပ်မံ စစ်ကူအင်အားပို့ပြီး လက်ရှိ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်အကြားက ဗားလုံ၊ ဇောင်းကုန် ကျေးရွာ အနီးတဝိုက်ကို ရောက်ရှိလာနေပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အယောက် ၂၀၀ ကျော် ထပ်ပြီး စစ်ကူရောက်လာတယ်။ သိုင်းငင်းကနေ ဖလမ်းဘက်ကို ဆက်ထွက်လာပြီ။ ဗားလုံ ၊ ဇောင်းကုန် အဲဒီဝန်းကျင်တွေမှာရောက်နေပြီလို့ ကြားသိရတယ်၊ သူတို့ ( စစ်ကော်မရှင်တပ်)က စစ်ကြောင်း ၃ ကြောင်းတည်းနဲ့တော့ ဖလမ်းကို မရောက်နိုင်ဘူးပေါ့။ ဆက်တိုးဖို့က ၃ ကြောင်းစလုံး အထိနာထားတာကို။ အဲဒါကြောင့် နောက်ထပ်ပို့တာဖြစ်တယ်။ ၃ ကြောင်းမြောက်ထွက်လာတဲ့ဟာနဲ့ ပြန်ပေါင်းဖို့ ဖြစ်မယ်လို့ ယူဆရတယ်။ လမ်းကြောင်းလည်း တူတယ်။ ပြီးရင် ဖလမ်းဘက်ကို ဆက်တိုးလာမလား၊ ခွန်လီဘက်သွားမလားဆိုတာ မသိရသေးဘူး ” လို့ပြောပါတယ်။
ဒီစစ်ကူအင်အားဟာ ကလေးမြို့ကနေ မတ်လ ၁၁ ရက်နေ့က စတင်ထွက်ခွာခဲ့တာဖြစ်ပြီး မတ်လ ၁၂ ရက်နေ့မှာ သိုင်ငင်းကျေးရွာကို ရောက်လာတာပါ။
ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ သိုင်းငင်းကနေ ဖလမ်းဘက်ကို ဦးတည်ထွက်ခွာလာပြီး ဗားလုံနဲ့ ဇောင်းကုန်ကျေးရွာ အနီးတဝိုက်ထိ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
လက်ရှိစစ်ကူပို့တဲ့ထဲ လူအင်အားအပြင် လက်နက်နဲ့ ရိက္ခာတွေတင်ကား (၁၀) စီးပါယာဉ်တန်းနဲ့ ကလေးမြို့ကနေ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ဘက်ကို စစ်ကူအင်အား ပို့လိုက်တာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကလေး - သိုင်းငင်း ၊ ကလေး - ဝေဘူလ လမ်းကြောင်းဘက်ကနေ စစ်အင်အား ထောင်ချီနဲ့ နိုဝင်ဘာလဆန်းကတည်းကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့လောက်မှာ ထပ်မံပြီး ကလေး - သိုင်းငင်းဘက်ကနေ စစ်ကြောင်း ၃ ကြောင်းမြောက်ကို ထပ်မံ ပို့ဆောင်ခဲ့ပြီး ထိုးစစ်ဆင်လာခဲ့ပေမယ့် ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ခုခံတိုက်ခိုက်မှုအကြား အထိအနာခဲ့တယ်လို့လည်း သိရပါတယ်။







