တော်လှန်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းသည့်အရာရှိနှစ်ဦးကို DKBA ထုတ်ပယ်

တော်လှန်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းသည့်အရာရှိနှစ်ဦးကို DKBA ထုတ်ပယ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သဖြင့် အရာရှိ (၂) ဦးကို တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း မတ်လ (၁၁) ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က ကြေညာချက် ထုတ်ပြန်သည်။

မြဝတီမြို့နယ်၊ ကျောက်ခတ်အခြေစိုက် DKBA အမှတ် (၁) စစ်ဒေသလက်အောက်ခံ (၉၁၅) တပ်ရင်းမှ ဗိုလ်မှူးအဆင့် စောထို့လွီနှင့် ဗိုလ်ကြီးအဆင့်ရှိ စောကရင်လေးတို့ နှစ်ဦးမှာ အမိန့်ကို ကျော်လွန်လုပ် ဆောင်၍ တော်လှန်ရေးတပ်ဖွဲ့နှင့် ပတ်သက်မှုရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို တပ်ဖွဲ့မှ အပြီးတိုင်ထုတ်ပယ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု DKBA ပြောခွင့်ရ ဗိုလ်မှူးကြီး စောဖားဘလက်က ပြောသည်။

“အဖွဲ့အစည်းက NCA လမ်းကြောင်းနဲ့ သွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကလည်း ကြားနေမူဝါဒ ကျင့်သုံးတယ်လေ။ တော်လှန်ရေးအဖွဲ့တွေနဲ့ ပါဝင်ပတ်သက်တာ၊ သူတို့လုပ်ဆောင်မှုတွေအပေါ်မှာ လူကြီးတွေဆုံးဖြတ်ပြီး ထုတ်လိုက်တာပါ။ သူတို့က အထက်လူကြီးတွေရဲ့ လမ်းညွှန်ချက်ရော အဖွဲ့က သတ်မှတ်ထားတဲ့ NCA နဲ့ရော သွေဖယ်ပြီး အမိန့်မရဘဲ ကျော်လွန်လုပ်ဆောင်တာကြောင့်ပါ” ဟု DKBA ပြောခွင့်ရသူက ဆိုသည်။

DKBA အခြေချလှုပ်ရှားသည့် မြဝတီတောင်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ ယနေ့ထက်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ တော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်း၍ ထုတ်ပယ်ခံလိုက်ရသည့် DKBA တပ်ဖွဲ့ဝင်နှစ်ဦးမှာမူ ဖလူးလေးဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်သည်ဟု သိရသည်။

ထိုင်း-ကရင်နယ်စပ် မြဝတီမြို့နယ်အခြေစိုက် DKBA တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ်က ကရင်နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းမှုအား လက်မခံဘဲ သီးခြားရပ်တည်လိုသော တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အာဏာမသိမ်းမီက KNU ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ်များ တိုက်ပွဲဖြစ်နေသည့် အာဏာသိမ်းကာလအတွင်း စစ်အုပ်စု၏ ကျင်းပသည့်ရွေးကောက်ပွဲကို DKBA က ထုတ်ဖော်ထောက်ခံမှုနှင့် ကျားဖြန့် (Online Scam) ကိစ္စ အရှုပ်အထွေးဖြင့် ၎င်းတို့ခေါင်းဆောင်အချို့ အရေးယူခံရမှုနောက်ပိုင်း ဝေဖန်ပြောဆိုမှု အများအပြား ရှိလာခဲ့သည်။

NCA ကို သွေဖယ်သဖြင့် တပ်ဖွဲ့ဝင်များကို ယခုလို ထုတ်ပယ်လိုက်သည့်ကိစ္စတွင်လည်း စစ်အုပ်စု၏ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း လူထုဝေဖန်သံများ ထွက်ပေါ်နေသော်လည်း DKBA ကမူ တစ်စုံတစ်ရာ ဖိအားပေးမှုမရှိဟု ပြောဆိုထားသည်။

Photo: CJ
March 12, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့...
March 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ...
March 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ လယ်ဒို (ကျောက်ကြီး)...
March 9, 2026
ရပ်ရွာဒေသ လူမှုအသိုင်းအဝိုင်းအကျိုးအတွက် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍများကို မြှင့်...