အစိုးရသစ်မှာ MUP ပါတီက အဓိကနေရာတွေကနေ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် မြင့်မားနေ

အစိုးရသစ်မှာ MUP ပါတီက အဓိကနေရာတွေကနေ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် မြင့်မားနေ
ဓာတ်ပုံ-MUP
ဓာတ်ပုံ-MUP

စစ်ကော်မရှင်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်အရ မွန်ညီညွတ်ရေးပါတီ MUP က အစိုးရသစ်မှာ အဓိကနေရာတွေကနေ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်မြင့်မားနေတယ်လို့ RICE အဖွဲ့က သုံးသပ်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်ရဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ မွန်ညီညွတ်ရေးပါတီ အလားအလာနဲ့ ပတ်သက်ပြီး နိုင်ငံရေးကဏ္ဍ အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်အဖြစ် RICE အဖွဲ့က မတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ပေါင်းစပ်ကျင့်သုံးခဲ့တဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် လွှတ်တော်သုံးရပ်လုံးမှာ ကိုယ်စားလှယ် ၁၇ ဦး အထိ အနိုင်ရရှိခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၅ ဦးစီနဲ့ မွန်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၇ ဦး အနိုင်ရရှိခဲ့တဲ့အတွက် တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေထဲက အနိုင်ရကိုယ်စားလှယ် အရေအတွက်အရ အဆင့် ၇ မှာ ရှိနေတာပါ။

ဒီရလဒ်ဟာ လာမယ့် အစိုးရဖွဲ့စည်းရေးမှာ ပါတီရဲ့ စေ့စပ်ညှိနှိုင်းနိုင်စွမ်းကို မြှင့်တင်ပေးလိုက်တာဖြစ်လို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ အစိုးရသစ်မှာ အဓိကနေရာတွေကနေ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် မြင့်မားနေတယ်လို့ RICE အဖွဲ့က ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး အစဉ်အလာအရ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးကို ဒုသမ္မတအဖြစ် ခန့်အပ်လေ့ရှိတဲ့အတွက် မွန်ညီညွတ်‌ရေးပါတီက အဲဒီရာထူးကို ရဖို့ မှန်းဆနိုင်သလို မရရှိခဲ့ရင်လည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး ဒါမှမဟုတ် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌလိုမျိုး ထိပ်ပိုင်းရာထူးတွေကို ရနိုင်ခြေရှိတယ်လို့ သုံးသပ်ထားတာပါ။

မွန်ပြည်နယ် အစိုးရအဖွဲ့မှာလည်း မွန်လူမျိုးဝန်ကြီးတွေအဖြစ် ပါဝင်ခွင့်ရရှိဖို့ အလားအလာရှိနေပြီး ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ မွန်စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒေသခံပြည်သူတစ်ဦးက အရင်ကလည်း မွန်ပါတီတွေ လွှတ်တော်ထဲရောက် ဝန်ကြီးတွေ ဖြစ်ခဲ့ကြတာ ရှိပေမယ့် တကယ်တမ်း ဘာမှ လုပ်ပေးနိုင်တာ မရှိခဲ့တဲ့အတွက် အခုလို မွန်ညီညွတ်ရေးပါတီက အဲဒီလို ရခဲ့ရင်လည်း ဘာမှ မထူးဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“ကျွန်တော် ဘယ်လိုမြင်လဲဆို သူတို့ကတော့ ဒီအတိုင်းပဲ။ ဒီပုတ်ထဲက ဒီပဲပဲ။ သိပ်မထူးဆန်းလှဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆို သူတို့ ပေးရင်လည်း ပေးတာပေါ့။ အရင်ကလည်း မွန်ပါတီ တွေ လွှတ်တော်တွေ ရောက်တယ် နိုင်တယ်။ ဒါပေမယ့် ဘာမှ လုပ်လို့ မရဘူးလေ။ နောက်ဆုံး ဝန်ကြီးနေရာလည်း သူမပေးဘူး။ အခုကတော့ ပြောတာပေါ့နော်၊ တိုင်းရင်းသားတစ်ဦးဦးကို ဒုသမ္မတအထိ ပေးမယ်ဆိုပြီးတော့ သတင်းတက်လာတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေကျတော့ ဒီဘက်က ပြောမပြီးတဲ့လူဆို မပေးလောက်ဘူးထင်တယ်။ နောက် တကယ်လို့ မွန်အဖွဲ့ အခု မွန်ညီညွတ်ရေးပါတီက ရပြန်ရင်လည်း ကျွန်တော်တို့ ပြည်သူတွေက ဒီအတိုင်းပဲ သွားမယ် ထင်တာပဲ၊ ပုံမလာဘူး”လို့ ဆိုပါတယ်။

စစ်ကော်မရှင်က မတ်တတိယအပတ်ကစတင်ပြီး သက်ဆိုင်ရာလွှတ်တော်အလိုက် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေ ခေါ်ယူကျင်းပသွားမယ်လို့ ကြေညာထားပြီး အဲဒီကနေ ဧပြီလဆန်းမှာ အစိုးရတစ်ရပ် ဖွဲ့စည်းမှာပါ။

မွန်ပြည်နယ်အစိုးရဖွဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်ကျော‌ထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ဦးဆောင်နိုင်ပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေရတယ်လို့ ပါတီအပါအဝင် စစ်ကော်မရှင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒီအခြေအနေမှာ ကြံ့ခိုင်ရေးပါတီနဲ့ ဆွေးနွေးညှိနှိုင်းထားတာ ရှိ မရှိ မွန်ညီညွတ်ရေးပါတီရဲ့ သဘောထားကို သိရှိနိုင်ဖို့ ပြောခွင့်ရသူထံ သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတက်ရောက်ဖို့ လမ်းခုလတ်မှာ ရှိနေတယ်လို့ အကြောင်းပြန်ပါတယ်။

RICE အဖွဲ့ကတော့ နိုင်ငံတဝန်းနည်းတူ မွန်ပြည်နယ်မှာလည်း စစ်အုပ်စုရဲ့ တပ်ကိုယ်စားလှယ်တွေအပြင် ကြံ့ခိုင်ရေးပါတီကသာ လွှတ်တော်အတွင်း အများစု နေရာယူလွှမ်းမိုးထားနိုင်တာကြောင့် စစ်အုပ်ချုပ်ရေး ပုံစံသစ်တစ်ရပ်အောက် ရောက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေလို့ သုံးသပ်ထားတာပါ။

မွန်ညီညွတ်ရေးပါတီအနေနဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခွင့် ရရှိနိုင်ပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်အုပ်ချုပ်ရေး ယန္တရားကြား ဟန်ချက်ညီအောင် ဘယ်လို ထိန်းကျောင်းမလဲဆိုတာ အဓိက စိန်ခေါ်ချက်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်ရေးနိုင်ရေးမှာ ပါတီရဲ့ မူဝါဒ အကောင်အထည်ဖော်နိုင်မှုအပေါ် များစွာမူတည်နေတယ်လို့ RICE က ထောက်ပြပါတယ်။

ရွေးကောက်ပွဲကြေညာစာတမ်းမှာတော့ ပါတီရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုနဲ့အတူ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်သွားနိုင်ရေးလို့ ဖော်ပြထားတာပါ။

လုပ်ငန်းစဉ်တွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားအရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီးအရေး၊ မူးယစ်ဆေးဝါး အသိပညာပေးရေး၊ လူငယ်အရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တက်ကြွစွာ ပါဝင်ရေး စတဲ့ အချက် ၂၅ ချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးကလည်း မဲဆွယ်တုန်းက မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက ပေးသလောက် ယူထားမယ်လို့ ပြောဆိုထားပေမယ့် နိုင်ငံရေးအခင်းအကျင်းဟာ စစ်တပ်လက်အောက်ခံ ဖြစ်နေတာကြောင့် တကယ်တမ်း ထိရောက်အောင် လုပ်ဆောင်နိုင်စွမ်း နည်းလိမ့်မယ်လို့ ပြောပါတယ်။

တစ်ဘက်မှာ မွန်ညီညွတ်ရေးပါတီဝင် ဒေါက်တာ ဗညားအောင်မိုးကို စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ စည်သူဘွဲ့ ပေးအပ်ထားသလို နိုင်လယိတမကိုလည်း စစ်ကော်မရှင်က အခုနှစ် မတ်လဆန်းမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ထားတာပါ။

ဒါဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆက်ဆံ‌ရေး တည်ဆောက်ဖို့ ကြိုးပမ်းလာမှုဟာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍာန်ကို ပြသလိုခြင်း ဖြစ်နိုင်တယ်လို့ RICE က ခန်းမှန်းပါတယ်။

သူတို့နှစ်ဦးဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ကောင်စီဝင်တွေအဖြစ် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်နှစ်ဦးကို ကမ်းလှမ်းခဲ့မှုအပေါ် ဒီကနေ့အချိန်အထိ ပါဝင်နေကြတာပါ။

အပိုင်းလိုက်ရွေးကောက်ပွဲမှာလည်း နိုင်တယိတမက မွန်ပြည်နယ်လွှတ်တော်မှာ ဝင်ပြိုင်ခဲ့သလို ဒေါက်တာ ဗညားအောင်မိုးကလည်း အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် PR နဲ့ အနိုင်ရရှိထားကြသူတွေ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်အုပ်ချုပ်ရေးယန္တရားရဲ့ လွှမ်းမိုးမှု၊ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူထုရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်အခွင့်အရေး တောင်းဆိုမှုတွေကြား ခက်ခဲတဲ့ လမ်းကြောင်းကို ဖြတ်သန်းရဦးမယ်လို့ RICE ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

Most read this week

March 9, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာရေး အကြောင်းပြချက်နဲ့...
March 6, 2026
အရှေ့အလယ်ပိုင်း‌ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့်...
March 5, 2026
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ...
March 4, 2026
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက...