မွန်မှာ စုံ၊ မ ယာဉ်တွေကို အစစ်ဆေးတင်းကျပ်

မွန်မှာ စုံ၊ မ ယာဉ်တွေကို အစစ်ဆေးတင်းကျပ်

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာရေး အကြောင်းပြချက်နဲ့ မော်တော်ယာဉ် သွားလာမှုအပေါ် စုံ၊ မ သတ်မှတ်ချက် အသက်ဝင်ပြီးနောက် စစ်ဆေးမှုတွေ တင်း ကျပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အီရန်စစ်ပွဲကြောင့် လောင်စာဆီ တင်သွင်းတဲ့ သင်္ဘောတွေ သယ်ယူပို့ဆောင်ရာ လမ်းကြောင်းတွေ ပိတ်ဆို့မှု ဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီ ခြိုးခြံချွေတာဖို့နဲ့ ဖူလုံမှုရှိဖို့အတွက်ဆိုကာ မတ်လ ၇ ရက်နေ့ကစလို့ စုံ၊ မ စနစ်ကို လုပ်ဆောင်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ စုံ၊ မ စနစ်ဟာ ပုဂ္ဂလိကပိုင် ယာဉ်တွေအနေနဲ့ လစဉ် စုံရက် တွေမှာ စုံနံပါတ် အက္ခ ရာပါတဲ့ ယာဉ်သာ လမ်းပေါ်ထွက် မောင်းနှင်ရမှာ ဖြစ်သလို မရက်တွေမှာတော့ မနံပါတ် အက္ခရာ ပါတဲ့ ယာဉ်တွေသာ မောင်းနှင်ရမှာဖြစ်ပါတယ်။

ဒေသတွင်းမှာတော့ အရင်က မော်တော်ယာဉ်တွေရဲ့ လိုင်စင်၊ ယာဉ်မောင်း လိုင်စင်၊ နံပါတ်ပြား၊ မှန်ထောင်၊ ဦးထုပ် တွေကိုသာ စစ်ဆေးခဲ့ရာမှ လက်ရှိမှာတော့ စစ်ကော်မရှင်ရဲ့ စုံ၊ မ စနစ် အသက်ဝင်ပြီးတဲ့နောက် မော်တော်ယာဉ် နံပါတ် စုံ၊ မ တွေကအစ စစ်ဆေးမှု တင်းကျပ်လာတယ်လို့ သိရပါတယ်။

မွန်ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ စုံ၊ မ စနစ်ကြောင့် လမ်းတွေမှာ သွားလာမှု နည်းပါးသွားပြီး ဒီအစီအစဉ်ဟာ သူတို့ လက်အောက်ခံတွေကို လုပ်စားဖို့ လမ်းကြောင်း ပေးလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဒီနေ့စတယ်ဆိုတော့ ဖမ်းတာ ဆီးတာ စစ်တာ ဆေးတာတွေကတော့ သူတို့ လုပ်နေကြ နေရာတွေမှာပဲ လုပ်တယ်။အခုက ရပ်ကွက်ထဲက အင်္ကျီအပြာဝတ်ပြီးတော့ မြို့ရွာ အေးချမ်းရေးနဲ့ ဘာလုံ ခြုံရေး အဖွဲ့ဆိုလား အဲဒီကောင်တွေက သူတို့ လစာပေးပြီး ခန့်ထားတာလေ။အခုက ဖမ်းဆီးရေးမှာ အဲဒီကောင်တွေလည်း ပါတယ်လေ။ အဲဒီကောင်တွေ စားဖို့သောက်ဖို့အတွက် လမ်းကြောင်း လုပ်ပေးတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဉ် သွားလာမှုအပေါ် စုံ၊ မ စနစ်ကို ပညာပေးကာလလို့ သတ်မှတ်ထားပေမယ့် စစ်ကော်မရှင် လက်အောက်ခံတချို့ ဟာ မသိနားမလည်းတဲ့သူတွေကို ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေ ရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း စုံ၊ မ စနစ် အသက်သွင်းလိုက်တဲ့အတွက် အလုပ်သွား အလုပ်လာကအစ အခက်တွေ့ စေတဲ့အပြင် ခရီးသွားလာမှုတွေမှာ အချိန်ကြာမြင့်မှုတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တချို့ဆိုလို့ရှိရင် အလုပ်သွား ဘာညာဆိုတော့ အခက်တော့ တွေ့သွားနိုင်တယ်လေ။ နီးနီးနားနား သွားတဲ့သူကြတော့ အခက်အခဲ မရှိပေမယ့် ကျွန်တော်တို့ အဝေးအလံ အလုပ်သွားရတာ ဥပမာ တစ်မိုင် နှစ်မိုင်လောက်သွားရတဲ့ သူတွေကျတော့ ဒုက္ခ ဖြစ်တာပေါ့။ အခုလက်ရှိ ကျွန်တော်တို့ ခရီးသွားနေတာ မွန်ပြည်နယ် ပြန်ရမယ်ဆို တစ်ရက်အိပ်ပြီး တစ်ရက်စောင့်ရမလိုမျိုး ဖြစ်နေတယ်”လို့ ဆိုပါတယ်။

တဖက်မှာလည်း မွန်ပြည်နယ် စစ်ကော်မရှင်ဟာ စက်သုံးဆီ ခြိုးခြံချွေတာရေးလို့ဆိုပြီး ဆိုင်ကယ် တစ်စီး ကျပ် ၅,၀၀၀ ဖိုး၊ သုံးဘီ/အိုးဝေ ကျပ် ၁၀,၀၀၀ ဖိုး၊ အိမ်စီးကား ကျပ် ၃၀,၀၀၀ ဖိုး၊ ခရီးတင်ယာဉ်နဲ့ကုန်တင်ယာဉ် ကျပ် တစ်သိန်းဖိုး၊ ပရီမီယံဒီဇယ်ကား ကျပ် ၄၀,၀၀၀ ဖိုးသာ ရောင်းချကြဖို့ ညွှန်ထားပါတယ်။

စက်သုံးဆီ ရောင်းချရာမှာ စက်သုံးဆီဆိုင်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ ရောင်းချရာမှာ ဖြစ်ပြီး ပုံးတွေ၊ ပေပါတွေနဲ့ ရောင်းချတာတွေ လုံးဝ မလုပ်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်နေ့ကစလို့ စက်သုံးဆီဆိုင်တွေအနေနဲ့ စုံ ရက်တွေမှာ စုံနံပါတ်ပါတဲ့ ယာဉ်၊ မ ရက်တွေမှာ မ နံပါတ်ပါတဲ့ ယာဉ်တွေကိုသာ ရောင်းချကြဖို့ ညွှန်ကြားထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

March 6, 2026
အရှေ့အလယ်ပိုင်း‌ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့်...
March 5, 2026
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ...
March 4, 2026
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက...
March 2, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနဲ့ သစ်တိုကျွန်းကျေးရွာလမ်းပိုင်းတို့မှာ...