ဗိုလ်နဂါး လက်နက်ချပြီးနောက် စစ်ကြောင်းထိုးသဖြင့် ရွာပေါင်း ၁၂ ရွာခန့်တိမ်းရှောင်နေရ

ဗိုလ်နဂါး လက်နက်ချပြီးနောက် စစ်ကြောင်းထိုးသဖြင့် ရွာပေါင်း ၁၂ ရွာခန့်တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်နှင့် ပူးပေါင်းသွားပြီးနောက်ပိုင်း ဒေသတွင်းထိုးစစ်များ အရှိန်မြင့်လာကာ ရွာပေါင်း ၁၂ ရွာခန့်မှ ဒေသခံများ အစုလိုက်အပြုံလိုက် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားပြီးနောက်ပိုင်း မြေပြင်၌ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများ၏ အဆိုအရ စစ်ကော်မရှင်တပ်များသည် ဗိုလ်နဂါးနှင့် BNRA အဖွဲ့ဝင်ဟောင်းများပေးသည့် သတင်း အချက်အလက်များကို အသုံးချကာ တော်လှန်ရေးရဲဘော်များနှင့် ၎င်းတို့၏ မိသားစုဝင်များရှိရာ တည်နေရာများ ကို တိတိကျကျ လိုက်လံရှာဖွေကာ မီးရှို့ဖျက်ဆီးနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ပုလဲဒေသခံတစ်ဦးက “အခု စစ်ကြောင်းဝင်လာတာက အရင်ကနဲ့မတူဘူး။ ဘယ်အိမ်က တော်လှန်ရေးလုပ်နေလဲ၊ ဘယ်သူ့မိသားစုက ဘယ်မှာနေလဲဆိုတာ သူတို့အကုန်သိနေတယ်။ ဗိုလ်နဂါးဆီကရတဲ့ အချက်အလက်တွေနဲ့ အိမ်တွေကို တမင်ရွေးပြီး မီးရှို့နေတာ။ ကျနော်တို့မှာတော့ ကိုယ့်လူယုံက ပြန်လုပ်တာခံလိုက်ရတော့ ဘယ်သူ့ကို ယုံရမှန်းတောင် မသိတော့ဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းမှ စတင်ကာ ပုလဲမြို့နယ် မုံသွင်ရွာအနီးတွင် PDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စစ်ကော်မရှင်ဘက်မှ အကျအဆုံးများပြားခဲ့ခြင်းကြောင့် ဂျက်ဖိုက်တာ (Jet Fighter) ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည့်အပြင် ညပိုင်းတွင်လည်း ပါရာမော်တာ (Paramotor) များ အသုံးပြု၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကန်ပေါက်၊ ကျွန်းဘိုကုန်း၊ ချင်ပြစ် နှင့် မုံသွင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူများ သည် အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။ မုံသွင်ရွာအတွင်းရှိ နေအိမ်များနှင့် ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကျောင်း ဖြစ်သော လယ်ယာသုံးပစ္စည်းများလည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်။

စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် PDF တပ်ဖွဲ့ မြေပြင်ရဲဘော်တစ်ဦးက “စစ်တပ်ဘက်က အင်အား တင်မကဘူး၊ သတင်းအချက်အလက်ပါ အသာစီးရအောင် လုပ်ထားတာဆိုတော့ တိုက်ပွဲက တော်တော် တင်းမာ တယ်။ သူတို့က ရွာတွေကို မီးရှို့ပြီး ဒေသခံတွေကိုပေါ့ လူထုကို ကြောက်အောင် လုပ်နေတာ။ ဒါပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်တွေဘက်ကလည်း မြေပြင်မှာ အတတ်နိုင်ဆုံး ပြန်ခုခံနေပါတယ်” ဟု ပြောသည်။

ယနေ့ မတ်လ ၃ ရက်နေ့အထိ ပုလဲမြို့နယ်အတွင်း၌ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး၊ ဒေသခံထောင်နှင့်ချီကာ တောတောင်များအတွင်း၌ ခက်ခဲစွာ ခိုလှုံနေကြရသည်။

ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...