ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ကလေးငယ် ၃၆,၀၀၀ ကျော်အတွက် ဂျပန်က ဒေါ်လာ ၁.၄ သန်း ထောက်ပံ့မည်

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ကလေးငယ် ၃၆,၀၀၀ ကျော်အတွက် ဂျပန်က ဒေါ်လာ ၁.၄ သန်း ထောက်ပံ့မည်

ဂျပန် (Japan) အစိုးရသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် သဘောတူစာချုပ်အသစ် လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် အထောက်အပံ့များ ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၁.၄ သန်း ချမှတ်ပံ့ပိုးမည်ဖြစ်သည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ယင်းအကူအညီသည် ကော့စ်ဘဇား (Cox’s Bazar) နှင့် ဘာဆန်ချာရ် (Bhasan Char) တို့တွင် နေထိုင်သည့် ဒုက္ခသည် ၅၆,၅၀၀ ကျော်ကို အကျိုးရှိစေမည်ဖြစ်ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၃၆,၀၀၀ ကျော် ပါဝင်သည်။ ပညာရေး၊ သန့်ရှင်းရေးနှင့် သောက်သုံးရေ (WASH)၊ အာဟာရနှင့် ကျန်းမာရေး ကဏ္ဍများတွင် အရေးကြီးဝန်ဆောင်မှုများ ပံ့ပိုးသွားမည်ဖြစ်သည်။

စာချုပ်ကို ဒက္ကာမြို့တွင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန်သံအမတ်ကြီး စိုက်ဒါ စီနီရှည် (Saida Shinichi) နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကိုယ်စားလှယ် ရာနာဖါလာဝါရ် (Rana Flowers) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

စိုက်ဒါ (Saida) သံအမတ်ကြီးက ယခုအကူအညီသည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး ဘဏ္ဍာရေး လျော့နည်းလာသည့် အချိန်ကာလအတွင်း ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကူညီမှုသည် ပညာရေး၊ WASH၊ အာဟာရနှင့် ကျန်းမာရေးကဲ့သို့ အရေးပါသော ဝန်ဆောင်မှုများကို အလေးထားကူညီခြင်းဖြစ်ပြီး လူသားလုံခြုံရေးအပေါ် ဂျပန်နိုင်ငံ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ပြောဆိုခဲ့သည်။

ယခုနှစ်တွင် ရိုဟင်ဂျာ အရေးပေါ်အခြေအနေသည် ကိုးနှစ်မြောက် ဝင်ရောက်လာပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး လူသားချင်းစာနာထောက်ထားရေး အရေးပေါ်အခြေအနေများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ လူထူထပ်နေသည့် စခန်းများ၊ ကူးစက်ရောဂါပျံ့နှံ့မှုများ၊ အာဟာရချို့တဲ့မှုများနှင့် ပညာရေး အခွင့်အလမ်း ကန့်သတ်ချက်များကြောင့် ကလေးငယ်များ အန္တရာယ်ကြုံတွေ့နေရဆဲဖြစ်သည်။

ရာနာဖါလာဝါရ် (Rana Flowers) က ဂျပန်အစိုးရ၏ အထောက်အပံ့သည် ကလေးငယ်များ ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် ပညာသင်ယူမှု ဆက်လက်ရရှိနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး မိသားစုများအနေဖြင့် ၎င်းတို့၏ ကလေးငယ်များကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ရန် အထောက်အပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာချုပ်အရ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) သည် ဘာဆန်ချာတွင် မြန်မာသင်ရိုးညွှန်းတမ်း အသုံးပြုနိုင်မှုကို ချဲ့ထွင်မည်ဖြစ်ပြီး ကော့ဆာဇားတွင် လူငယ်များအတွက် ပညာရေးနှင့် ကျွမ်းကျင်မှု လေ့ကျင့်ရေးအစီအစဉ်များကို အားဖြည့်မည်ဖြစ်သည်။

ထို့အပြင် သောက်သုံးရေစနစ်နှင့် သန့်ရှင်းရေးအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကော်လရာ၊ ဒင်ဂီနှင့် အခြားရောဂါများ ဖြစ်ပွားမှု လျော့နည်းစေရန် ရည်ရွယ်ထားသည်။ ဆပ်ပြာနှင့် မိန်းမသား သန့်ရှင်းရေးပစ္စည်းများ ပါဝင်သည့် သန့်ရှင်းရေးပစ္စည်းအစုံများကိုလည်း ဖြန့်ဝေသွားမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လမှစ၍ ရိုဟင်ဂျာ အရေးပေါ်အခြေအနေ စတင်ခဲ့သည့်အချိန်မှစ၍ ဂျပန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်တုံ့ပြန်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၀ သန်းကျော် ပံ့ပိုးပေးခဲ့ပြီး ယင်းအထဲမှ ဒေါ်လာ ၄၇ သန်းခန့်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှတစ်ဆင့် ရိုဟင်ဂျာ ကလေးငယ်များနှင့် မိသားစုများအား ထောက်ပံ့ရန် အသုံးပြုခဲ့သည်။

March 2, 2026
ကုလအတွင်းရေးမှူးချုပ် လက်ထောက် ခါလက် ခါရီ (Khaled Khiari)က တိုက်ပွဲကြားတွင် ရိုဟင်ဂျာများ...
February 28, 2026
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဏာသဘောတရား ပြောင်းလဲနေမှုများနှင့် တိုက်ဆိုင်နေသော သံတမန်ရေးရာ...
February 27, 2026
ဘူးသီးတောင်တွင် ရခိုင်တပ်တော် (Arakan Army (AA) ၏ စစ်မှုထမ်း စုဆောင်းရေးမှ လွတ်မြောက်ရန်...
February 26, 2026
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ...