ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ် သေဆုံးမှူ တိုးလာနေကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine Monitor) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၅ ခုနှစ်၊ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး ကမ္ဘာ့အစီရင်ခံစာတွင် ပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်ပိုင်းက အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုနှုန်း အမြင့်မားဆုံး နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ် နှစ်ဆက်တိုက်ရပ်တည်နေကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြေမြှုပ်မိုင်းအသုံးပြုမှုနှင့် မိုင်းကြောင့် ထိခိုက်မှုများ သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၅၄၅ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၁,၀၀၃ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၂,၀၂၉ ဦးအထိ တိုးလာကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း မိုင်းကြောင့် ထိခိုက်သေဆုံးသူအားလုံး၏ သုံးပုံနှစ်ပုံသည် လူသတ်မိုင်းကြောင့် ဖြစ်ပြီး ထိခိုက်သေဆုံးသူအားလုံး၏ ၈၆ ရာခိုင်နှုန်းသည် အရပ်သားများဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံရှိ မြို့နယ် ၂၁၁ မြို့နယ် (မြို့နယ်အားလုံး၏ ၆၄ ရာခိုင်နှုန်း)သည် သံသယဖြစ်ဖွယ် မြေမြုပ်မိုင်း အန္တရာယ်ရှိသည့် နေရာများဖြစ်နေပြီး ၂၀၂၄ ခုနှစ် တနှစ်အတွင်း အဆိုပါ မြို့နယ်များ၌ အရပ်သား သေဆုံးမှု ၁၅၂ ဦး ရှိခဲ့သည်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
၂၀၀၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပေါက်ကွဲစေတတ်သည့် စစ်လက်ကျန်မိုင်းများနှင့် မိုင်းများကြောင့် ထိခိုက်နစ်နာသေဆုံးသူ အများစုသည် အရွယ်ရောက်ပြီးသား အမျိုးသားများ ဖြစ်ကြောင်း အစီရင်ခံစာက ပြောသည်။
ပဋိပက္ခဖြစ်ပွားပြီးချိန်တွင် အမျိုးသမီးနှင့် ကလေးငယ်များသည် မိုင်းကြောင့် ထိခိုက်မှု ပိုမိုများပြားလာခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ပေါက်ကွဲစေတတ်သည့် စစ်လက်ကျန်မိုင်းများကြောင့် သေဆုံးသူအများစုတွင် ကလေးငယ်များ ပါဝင်လာကြောင်း ဆိုသည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများတွင် မိုင်းရှိရာ အရပ်ဒေသသို့ ရွှေ့ပြောင်းသွားလာခြင်းနှင့် ခရီးသွားခြင်း၊ သစ်တောထွက်ကုန်ပစ္စည်းများစုဆောင်းခြင်း အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းများကြောင့် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့အပြင် မိုင်းရှိရာ ဒေသများတွင် လယ်ယာလုပ်ကိုင်ခြင်း၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား ကိုင်တွယ်ခြင်း၊ မွေးမြူရေးတိရစ္ဆာန်များကို စောင့်ရှောက်ခြင်း(သို့မဟုတ်) ရှာဖွေ ခြင်း၊ လက်နက်ကိုင်ပဋိပက္ခမှ ထွက်ပြေးခြင်း၊ လက်နက်ကိုင် ပဋိပက္ခပြီးနောက် ပြန်လာခြင်းနှင့် အခြားအကြောင်းများ၊ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားခြင်း၊ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ မြို့ပြအလုပ်သမားနှင့် အမှိုက်ကောက်ခြင်းများကြောင့် ဖြစ်ကြောင်း ပြော သည်။
မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးမှု လျော့နည်းနေပြီး ဒေသအလိုက် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ မတူညီသည့် အသိပညာပေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း Minefree Myanmar တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။
“ မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဖို့ဆိုရင် မိုင်းအန္တရာယ် ဘယ်လောက်ရှိလဲဆိုတာ လေ့လာဆန်းစစ်ဖို့လိုတယ်။ မိုင်းအန္တရာယ်က ဒေသအခြေအနေအရရော တိုက်ပွဲအခြေအနေအရရော ကွာခြားမှုရှိပါတယ်။ အသိပညာပေးမှုကလည်း ဒီလိုပါပဲ။ စစ်တမ်းမှာ ဘာတွေ့လဲဆို တချို့ ဒေသပြည်သူတွေက ဒေသအလုပ်ဖြစ်တဲ့ တောထဲမှာ သစ်ဥ သစ်ဖုရှာတာ ရောင်းတာ လုပ်ကြတယ်။ အခုကတော့ တောထဲသွားဖို့မလိုဘဲ အနီးမှာပဲ စိုက်ပျိုးရေးလုပ်နိုင်အောင် တွဲပြီး စဉ်းစားပေးရမှာ” ဟု ဆိုသည်။
အလားတူ လက်ရှိ မြန်မာနိုင်ငံရှိ ကျောင်းများတွင် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ သင်ရိုးများ မရှိသည့်အပြင် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးမှုများ၌ သတိပြုရမည့် အချက်အလက်များအား လူကြီးများက သိနား လည်နိုင်သော်လည်း ကလေးများအတွက် မလုံလောက်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ မိုင်းတားဆီးပိတ်ပင်ရေးပဋိညာဉ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသကဲသို့ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးအစီအစဉ်(သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအရ မိုင်းရှင်းလင်းရေး လုပ်ဆောင်ချက်သည် သုည ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံတွင် ဖော်ပြသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များတွင် MM1, MM2, MM3, MM5 နှင့် MM6 စသည့် လူသတ်မိုင်း ငါးမျိုးကို ထုတ်လုပ်နေကြောင်း ပြောသည်။
ကပစထုတ် မိုင်းများကို စစ်မြေပြင်တွင် ဆက်လက်တွေ့ရှိနေရသော်လည်း အကြိမ်ရေ မည်မျှထုတ်လုပ်နေခြင်းနှင့် စစ်ကော်မရှင် သိုလောင်ထားသည့် မိုင်းအရေအတွက် မည်မျှရှိနေသည်ဆိုခြင်းကို သတင်းအချက်အလက်မရကြောင်း အစီရင်ခံတွင် ရေးသားသည်။
တော်လှန်ရေးတပ်ဖွဲ့များသည်လည်း လက်လုပ်အစထွက် လူသတ်မိုင်းများ၊ ယာဉ်တိုက်မိုင်းများနှင့် ကိုင်တွယ်သူကို အန္တရာယ်ဖြစ်စေသည့် ကိရိယာများ တပ်ဆင်ထားသည့် လူသတ် မိုင်းများကို ထုတ်လုပ်နေကြကြောင်း ဆိုသည်။
မိုင်းများကို အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များက နှစ်ဖက်လုံး အသုံးပြုနေကြပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ဩဂုတ်လအထိ တော်လှန်ရေးတပ်ဖွဲ့များက အာဏာသိမ်းစစ်တပ်၏ လူသတ်မိုင်းများကို လစဉ် သိမ်းဆည်းရမိကြောင်း ဓာတ်ပုံမှတ်တမ်းများသည် မြေမြှုပ်မိုင်းအသုံးပြုမှု ကျယ်ပြန့်လာနေကြောင်း ဖော်ပြနေခြင်းဟု အစီရင်ခံတွင် ရေးသားထားသည်။
မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို နိုင်ငံပေါင်း ၇၀ ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းပေါင်း ၁,၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL)က နှစ်စဉ် အသစ်ပြင်ဆင်ထုတ်ပြန်နေခြင်း ဖြစ်သည်။







