စစ်တွေတွင် စစ်ကောင်စီက ရေတပ်နှင့် သံချပ်ကာ ကားများပါ အင်အား တိုးမြှင့်ထား

စစ်တွေတွင် စစ်ကောင်စီက ရေတပ်နှင့် သံချပ်ကာ ကားများပါ အင်အား တိုးမြှင့်ထား

စစ်တွေမြို့နယ်၊ ဝါဘိုနှင့် တောကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက ရေတပ်အင်အားအပြင် သံချပ်ကာ ကားများပါ အင်အားတိုးမြှင့်ချထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်တွေတွင် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီက ပုဏ္ဏားကျွန်း အစပ် အမြင့်ကျွန်းရွာဘက်တွင် သံချပ်ကာ ကားများပို့ဆောင်ထားကာ ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများ တိုးမြှင့်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နှစ်ဖက်လုံးက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုရှိကြတယ်။ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်က ရွာတချို့ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာမျိုးတွေ ရှိတယ်။ မြေပြင်မှာလည်း အမြင့်ကျွန်းဖက်ကို သံချပ်ကာ ကားတွေပို့ပြီး စစ်ရေးပြနေသလို ပင်လယ်ပြင်မှာလည်း တိုက်ခိုက်ရေး သင်္ဘောတွေလည်း အရင်ကထက် တိုးမြင့်ပြီး ချထားတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ယခင်က စစ်တွေမြို့အနီးပင်လယ်ပြင်တွင် စစ်သင်္ဘော ၄ စင်းသာ တွေ့ရသော်လည်း ယခုရက်ပိုင်းတွင် စစ်သင်္ဘော ၇ စင်းအထိ တွေ့မြင်နေရကြောင်းလည်း ထို စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝါဘိုကျွန်းကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ချောင်းတစ်ဖက်ကမ်းရှိ တောကန်၊ ကြံတောနှင့် ကံ့ကော်ကျွန်းကျေးရွာတို့မှာ စစ်ကောင်စီက တပ်စွဲထားကာ နှစ်ဖက်စစ်ဆိုင်ထားသည့် အခြေအနေရှိသည်။

နှစ်ဖက်တိုက်ပွဲများနှင့်အတူ ပင်လယ်ပြင် စစ်သင်္ဘောများက စစ်တွေ - ပုဏ္ဏားကျွန်း အစပ် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ စစ်တွေမြို့ပေါ်ရှိ အမှတ် (၁၂) ရဲတပ်ရင်းက လည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။

“ဒီရက်ပိုင်း စစ်တွေဖက်က ပစ်ခတ်သံတွေ အကျယ်ကြီး ကြားနေရတယ်။ တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားတယ်။ လေယာဉ်တွေလည်း ပျံနေတာတွေရှိတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း စစ်တွေအစပ် ကွမ်းတောင်ကျေးရွာအနီးပတ်ဝန်ကျင်းက လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာတွေရှိတယ်လို့ သိရတယ်။ ပစ်ခတ်သံတွေကတော့ ဒီရက်ပိုင်း နေ့တိုင်းကြားနေရတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တွေတွင် စစ်ကောင်စီနှင့် AAတို့ကြား ဖေဖော်ဝါရီ ပထမအပတ်မှစ၍ တိုက်ပွဲများ ငြိမ်သက်နေရာကနေ ယခုရက်ပိုင်းတွင် ပစ်ခတ်မှုများ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်တွေမြို့မှာ စစ်ကောင်စီ၏ ရခိုင်မြောက်ပိုင်းက ထိန်းချုပ်ဆဲမြို့ဖြစ်ပြီး အာရက္ခတပ်တော်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့တို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ ပိတ်ဆို့တိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်တွေမြို့သည် ရခိုင်ပြည်၏ မြို့တော်တစ်ခုဖြစ်ကာ စစ်ကောင်စီအတွက် ဂုဏ်သိက္ခာပိုင်းအရ လွန်စွာ အရေးပါသဖြင့် စစ်အင်အားကို အပြည့်ဖြည့်တင်းထားကာ မြို့လုံခြုံရေးကိုလည်း အထူးတိုးမြှင့်ထားသည်။

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...