ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အမျိုးသမီးများကိုပါ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှုများ စတင်ပြုလုပ်လာသဖြင့် မြို့ခံလူထုအကြား စိုးရိမ်ထိတ်လန့်နေကြသည်။
စစ်ကော်မရှင် လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တောင်ကြီးမြို့ရှိ ကန်အောက်၊ ဈေးပိုင်းနှင့် ဟော်ကုန်းရပ်ကွက်များတွင် စစ်မှုထမ်းရန် လိုအပ်ချက်အရဟုဆိုကာ အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို အဓိကပစ်မှတ်ထား စာရင်းကောက်ယူနေခြင်းဖြစ်သည်။
စာရင်းကောက်ယူရာတွင် အမျိုးသမီးများကို စိတ်အေးစေမည့် စကားများဖြင့် ဖျောင်းဖျပြောဆိုမှုများ ရှိနေ ကြောင်း ဈေးပိုင်းရပ်ကွက်အတွင်းရှိ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။
"သူတို့ပြောပုံအရတော့ လောလောဆယ် စာရင်းသက်သက်ပဲတဲ့။ အရမ်းမကြောက်ဖို့တော့ ပြောတယ်။ ခေါ်ရင်လည်း မိန်းကလေးဆိုတော့ စစ်မတိုက်ရဘူးပေါ့။ ဘွဲ့ရဆိုရင် သူတို့ ရာထူးပေးမယ်။ နှစ်ပြည့်ရင်လည်း ထွက်လို့ရမယ်ပေါ့။ ဒါပေမဲ့ ရပ်ကွက်တိုင်းတော့ မလာသေးဘူး ပြောတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိသတ်မှတ်ချက်အရ Non-CDM ဝန်ထမ်းများ၊ အိမ်ထောင်သည်များ၊ ကလေးရှိသူများနှင့် ကျောင်းသူများ ကိုမူ ကင်းလွတ်ခွင့်ပေးထားသေးကြောင်း ဆိုသည်။
သို့သော်လည်း စာရင်းသွင်းခံရသူများကိုမူ နီးစပ်ရာစစ်တပ်သို့ အမြန်ဆုံးသတင်းပို့ရန်နှင့် ဤသတင်း အချက် အလက်များကို အွန်လိုင်းပေါ်တင်ခြင်း၊ ပေါက်ကြားအောင်ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရန် တင်းကျပ်စွာ မှာကြားထားကြောင်း မြို့ခံများက ပြောသည်။
ဟော်ကုန်းရပ်ကွက်ရှိ သမီးပျိုနှစ်ဦးရှိသည့် မိခင်တစ်ဦးကမူ လက်ရှိကင်းလွတ်ခွင့်များအပေါ် စိတ်မအေးနိုင်ဘဲ ရှေ့ရေးအတွက် စိုးရိမ်မကင်း ဖြစ်နေသည်။
"တောင်ကြီးမှာတော့ စစ်မှုထမ်းစထွက်ကတည်းက ကလေးတွေ ကျောင်းပြန်တက်ကြတယ်လေ။ အဲဒီအတွက် က စိတ်အရမ်းမပူရဘူး။ ကျမစိုးရိမ်တာက အခုအခြေအနေမဟုတ်ဘူး။ နောက်ပိုင်း ခေါ်စရာလူကုန်သွားရင် ကျောင်းသားတွေဘက် လှည့်မှာ။ အဲဒီကျရင် ကျောင်းသားလား၊ ကျားလား၊ မလား အကုန်ပါမှာ။ အဲဒီ တစ်ချက်တော့ ကျမသမီးတွေအတွက် စိတ်ပူတယ်" ဟု ၎င်းက ပြောသည်။
ယခုစာရင်းကောက်ယူထားသူများကို လာမည့်မတ်လကုန် သို့မဟုတ် သင်္ကြန်ကာလအပြီးတွင် ဆင့်ခေါ်ဖွယ်ရှိ သည်ဟု မြို့ခံများအကြား သတင်းများ ပျံ့နှံ့နေသည်။
မြို့မဈေးအနီးရှိ ဈေးသည်တစ်ဦးကမူ လူစည်ကားရာ ရပ်ကွက်များကို ဦးစားပေးကောက်ယူခြင်းမှာ သတင်း ပြန့်နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ပုံရကြောင်းနှင့် အုပ်ချုပ်ရေးမှူးအချို့မှာ ၎င်းတို့သားသမီးများကို ဝန်ထမ်း စာရင်းသွင်းကာ ကင်းလွတ်ခွင့်ရအောင် ကြိုတင်စီစဉ်နေကြကြောင်း သုံးသပ်ပြောဆိုသည်။
မြို့မဈေးရှိ ဈေးသည်တစ်ဦးက “ဒီရပ်ကွက်တွေက ဈေးနားပတ်ပတ်လည်ဆိုတော့ လူဝင်လူထွက်များ တယ် လေ။ စာရင်းအရင်ကောက်ရင် သတင်းပြန့်မလား တွေးတာလည်း ပါမှာပါ။ တခြားရပ်ကွက်တွေက အသံ မကြား ဘူးလေ။ အုပ်ကြီးတချို့ကတော့ သူတို့ သားသမီးတွေ ဝန်ထမ်းစာရင်း သွင်းထားပြီ” ဟု ပြောသည်။
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေတွင် အပတ်စဉ် (၅) မှစ၍ အမျိုးသမီးများကို မိမိဆန္ဒအလျောက်သာ လက်ခံ မည်ဟု ကြေညာထားသော်လည်း တောင်ကြီးမြို့တွင် ယခုကဲ့သို့ အိမ်တိုင်ရာရောက် စာရင်းကောက်ယူလာ ခြင်းမှာ အတင်းအကြပ် စုဆောင်းမည့်သဘော သက်ရောက်နေသည်။
ရှမ်းပြည် တောင်ပိုင်းရှိ မြို့ကြီးများတွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား ပိုမိုတင်းကျပ်လာခြင်းနှင့်အတူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ နည်းပါးသွားသည့် အခြေအနေကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ အမျိုးသမီး များကိုပါ စစ်မှုထမ်းရန် ပထမဆုံးအကြိမ် စာရင်းကောက်ယူလာခြင်းဖြစ်ကြောင်း ဆိုကြသည်။







