ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေး လူထုတွေက စာပေးပို့ တောင်းဆို

ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေး လူထုတွေက စာပေးပို့ တောင်းဆို

ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးဆီကို လူထုတွေက စာလွှာပေးပို့ပြီး တောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

လွိုင်နန်းဖမြို့နယ်အတွင်းက လူထုတွေစုစည်းပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တောင်းဆိုစာကို ပေးပို့မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ လွိုင်နန်းဖမြို့နယ်အတွင်း တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ထုတ်ပြန်ချက်အပေါ် အခြေခံပြီးတော့မှ သက်ဆိုင်ရာ IEC အဖွဲ့တွေပါပါတယ်။ အဲ့ဒါလည်း ပြီးခဲ့တဲ့ ၃ ရက်နေ့ ဒီလပေါ့နော်။ ရှေ့ဆက်လုပ်ငန်းစဥ်မှာလည်း ပြည်နယ် တပ်တစ်တပ်တည်း ဖြစ်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကို ပထမ ရည်ရွယ်ချက်နဲ့ ဖြစ်ခါကြတော့ ကျနော်တို့ လွိုင်နန်းဖမြို့နယ် လူထု ကိုယ်စားအနေနဲ့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်ပေါ့နော်။”လို့ လွိုင်နန်းဖမြို့နယ်အတွင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စာလွှာကို တော်လှန်ရေးတပ်ဖွဲ့တချို့ဆီ တိုက်ရိုက်လိပ်မူပြီး ပေးပို့မှုတွေ ဆောင်ရွက်နေသလို တချို့ အဖွဲ့အစည်းတွေကိုတော့ ကြားခံကနေတဆင့် ပေးပို့ထားတယ်လို့ အဆိုပါ လွိုင်နန်းဖမြို့နယ်အတွင်း တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။

အခုလို လူထုတွေ စာလွှာပေးပို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး IEC ထံ တိုက်ရိုက် မရောက်ရှိသေးပေမယ့်၊ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာတော့ လူထုတွေတောင်းဆိုထားတဲ့ ထုတ်ပြန်ချက်တွေကို တွေ့ရှိရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး (၂) ဦး ဗညားက အခုလိုပြောပါတယ်။

“လူထုတွေ မြို့နယ်အလိုက် မဟုတ်ရင် အင်အားစုအလိုက် ထုတ်ပြန်ချက်ပေါ့နော်၊ သူတို့ရဲ့ ရပ်တည်ချက်တွေကို ဆွေးနွေးထားတဲ့ဟာတော့ တွေ့တာပေါ့နော်။ တချို့က ပေးပို့တယ်ဆိုတဲ့ဟာတော့ အွန်လိုင်းမှာ တွေ့ရတာပေါ့နော်။ ဒါပေမဲ့ အီးမေးလ်နဲ့ ဖြစ်စေ ဒီ အဝင် တိုက်ရိုက်ပေါ့နော်၊ ပေးပို့တာတော့ မရှိဘူးပေါ့။ အခြား ဖေ့ဘွတ်တွေ တခြားပေ့ချ်တွေ ပေးပို့ခြင်းဆိုတဲ့ အောက်မှာတော့ IEC ပါတယ်ဆိုပေမဲ့လည်း IEC ရုံးကို တိုက်ရိုက် ပေးပို့တာတော့ အခုချိန်ထိ မရှိသေးဘူး။“လို့ ဦးဗညားက ဆိုပါတယ်။

သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေထံ လူထုစာလွှာ ပေးပို့မှု မရောက်ရှိသေးတာဟာ လူထုတွေကိုယ်၌လည်း တိုက်ရိုက်မလုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကြောင့် ထပ်ဆင့် ပေးပို့မှုတွေမှာ ကြန့်ကြာမှုရှိနိုင်တယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် တောင်းဆိုထားတဲ့ စာလွှာပေးပို့မှုကို ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ(KSCC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်နီတပ်မတော် ( KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF/KPLA ) ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ ( KNSO/KNSA) ၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP/KNPDA ) ၊ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC )၊ ဒီးမော့ဆို ဒေသခံ ကာကွယ်ရေးတပ် ( DMO Local PDF ) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စတဲ့ တော်လှန်ရေးအင်အားစုတွေဆီ ပေးပို့ထားတယ်လို့ သိရှိရပါတယ်။

ပုံစာ - ၂၀၂၄ခုနှစ်အတွင်း ပြုလုပ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ (၄)လတာ အခြေခံစစ်သင်တန်းဆင်းပွဲ ( ဓါတ်ပုံ - KNDF)

February 20, 2026
ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညပိုင်းမှာ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကနေ ဆက်လက်...
February 19, 2026
ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့...
February 18, 2026
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်အတွင်းက ဖားဆောင်း သံလွင် မြစ်ကူး တံတား...
ပျက်စီးသွားတဲ့ ဖားဆောင်းတံတား နဲ့ ထူးချောင်းတံတားကို တွေ့ရစဉ်
February 17, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်တံတား ယခုရက်ပိုင်းအတွင်းမှာပဲ...