MNDAA ဖမ်းဆီးထားသည့် လားရှိုးဒေသခံ ဆန္ဒပြသူ (၅) ဦး ပြန်လည်လွတ်မြောက်လာ

MNDAA ဖမ်းဆီးထားသည့် လားရှိုးဒေသခံ ဆန္ဒပြသူ (၅) ဦး ပြန်လည်လွတ်မြောက်လာ

စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဆန္ဒပြရွာသား (၅) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ SSPP ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် သိန္နီမြို့ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ရပ်မိရပ်ဖများကို ဆင့်ခေါ်ခဲ့ပြီး ၎င်းတို့ သုံးပတ်နီးပါး ဖမ်းဆီးချုပ်နှောင်ထားသည့် ရွှေတူးဖော်မှု ကန့်ကွက်ဆန္ဒပြသူ (၅) ဦးကို နေ့လယ်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ရပ်မိရပ်ဖတွေကို သူတို့ (MNDAA) ဘက်က ခေါ်ပြီးတော့ မန်စယ်ရွာသား (၅) ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ အခု သွားကြိုလာပြီ၊ သံလွင်စံပြရွာက ကိုးကန့်ရုံးကို ထပ်ဝင်ရမယ် ပြောတယ်” ဟု ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်သို့ နှစ်သစ်ကူးအထိမ်းအမှတ် လာရောက်လည်ပတ်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ ထိပ်ပိုင်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်ပတ်အကြာတွင် MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသားများ ပြန်လည်လွှတ်မြောက်လာခြင်း ဖြစ်သည်။

လားရှိုးမြို့နယ်တွင် MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင် သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးဆောင်ဆန္ဒပြသူနှင့် နောက်ကွယ်မှ စည်းရုံးလှုံ့ဆော်သူများကို ရှာဖွေရန် ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြောင်း နမ့်ပေါင်ဒေသခံများထံမှ သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ (၂) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ကျေးရွာဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများမှ သိန္နီမြို့ရှိ MNDAA တာဝန်ရှိသူများထံ သွားရောက်ညှိနှိုင်းခဲ့ချိန်တွင် ဆန္ဒပြသူ (၂၇) ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး (၉) ဦးကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ထိုအတောအတွင်း ဖမ်းဆီးခံထားသည့် လားရှိုးဒေသခံများကို ပြန်လွှတ်ပေးရန် SSPP/SSA ဘက်မှ MNDAA ဌာနချုပ်သို့ စာပေးပို့ ညှိနှိုင်းခဲ့ပြီး သျှမ်းအရပ်ဖက် အဖွဲ့အစည်းများလည်း ကြေညာချက် အသီးသီး ထုတ်ပြန်တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီလ (၉) ရက်တွင် သိန္နီမြို့၌ ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူ (၉) ဦးထဲမှ (၄) ဦးကို ပြန်လွှတ်ပေးခဲ့သည်။

MNDAA ဘက်မှ မန်စယ်ရွာသား (၅) ဦးကို ဆက်လက် ဖမ်းဆီးထားခြင်းကြောင့် ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး စိုးရိမ်ရပြီး ဒေသအကျိုးစီးပွား အလို့ငှာ ဆန္ဒဖော်ထုတ်ကြသည်ကို နှောင့်ယှက်ဟန့်တားရုံမက အဓမ္မ ရိုက်နှက် ဖမ်းဆီးချုပ်နှောင်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း သျှမ်းလူငယ်ကွန်ဂရက် အပါအဝင် သျှမ်းလူငယ်အဖွဲ့အစည်း (၁၁) ဖွဲ့မှ ဖေဖော်ဝါရီလ (၁၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most read this week

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...