ကျော်သီဟ — ရခိုင်ပြည်အတွင်း ဆီထွက်သီးနှံတစ်ခုဖြစ်သည့် မုန်ညှင်းကို စိုက်ပျိုးသူများ ယခုနောက်ပိုင်း သိသိသာသာနည်းပါးလာသည်ဟု သိရသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲမဖြစ်ပွားမီက မုန်ညှင်းကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲနှင့် သံတွဲ စသည့်မြို့နယ်များ၌ စီးပွားဖြစ်စိုက်ပျိုးသူ များပြားခဲ့သည်ဟု သိရသည်။
သို့သော် မြို့သိမ်းတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကော်မရှင်က လမ်းပန်းဆက်သွယ်ရေးများကိုပိတ်ဆို့ထားမှုကြောင့် မုန်ညှင်းဈေးကွက်မရှိသည့်အတွက် အရှုံးပေါ်၍ စိုက်သူနည်းသွားခဲ့သည်ဟု လက်ရှိ စိုက်ပျိုးသူများက ပြောသည်။
လက်ရှိစိုက်ပျိုးသူများတွင်လည်း ကိုယ့်မိသားစု မုန်ညှင်းဆီသုံးစွဲရန် တနိုင်တပိုင်သာစိုက်ပျိုးကြခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ တနိုင်တပိုင် မုန်ညှင်းစိုက်ပျိုးသူ ဦးစံအောင်ကျော်က နိရဉ္စရာကို ပြောသည်။
မုန်ညှင်းကိုစိုက်ပျိုးခဲ့ချိန်က ကုန်ဈေးနှုန်းများအဆမတန်မြှင့်နေမှု၊ သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ထွန်ယက်ခများ ဈေးကြီးနေမှုများကြောင့် အကုန်အကျပိုများခဲ့သည်ဟု ဆိုသည်။
သို့သော် လက်ရှိ မုန်ညှင်းပေါ်ချိန်တွင် အရှုံးမရှိသော်လည်း အမြတ်ငွေ များများစားစားရရှိရန်အခြေအနေမရှိဖြစ်နေကြောင်း ကျောက်တော်မြို့နယ်အတွင်း မုန်ညှင်းတနိုင်တပိုင်စိုက်ပျိုးထားသူ ဦးစံအောင်ကျော်က နိရဉ္စရာကို ပြောသည်။
"စရိတ်က ပိုများနေတယ်။ ရလာတဲ့ကုန်ကြမ်းကိုရောင်းလိုက်ရင်လည်း သိပ်မကျန်ဘူး။ အရှုံးပေါ်လားဆိုလည်း မပေါ်ဘူး။ အမြတ်ကတော့ နည်းတယ်ပေါ့" ဟုလည်း ပြောသည်။
ယမန်နှစ်က နို့ဆီဗူး ၅၄ ဗူးဝင်ဆံ့သည့် မုန်ညှင်းစေ့တစ်တောင်း(ပုံမှန်တင်းတောင်း)ကို ကျပ် သုံးသောင်းဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်။
လက်ရှိ မုန်ညှင်းပေါ်ချိန်တွင် ရောင်းချခြင်းများမရှိသေးသော်လည်း ကျောက်တော်မြို့နယ်အတွင်း စိုက်ပျိုးသူနည်းသည့်အတွက် ယမန်နှစ်ဈေးထက် အနည်းငယ်ဈေးကောင်းရလာနိုင်ခြေရှိသည်ဟု စိုက်ပျိုးသူတို့က ခန့်မှန်းထားကြသည်။
ယမန်နှစ်က အဆိုပါမုန်ညှင်းမျိုးစေ့ကို နီးစပ်ရာမြို့နယ်မှ ဝယ်ယူစိုက်ပျိုးခဲ့ရပြီး ယခုနှစ်တွင် သီးသန့်မျိုးစေ့ထုတ်ကာ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ဦးစံအောင်ကျော်က ဆက်ပြောသည်။
ချက်ပြုတ်စားသောက်ရာတွင်လည်း မုန်ညှင်းဆီကို အခြားစားသုံးဆီများအစား အသုံးပြုတတ်ကြသည်။
အချို့ဆိုလျှင် ကျန်းမာရေးကောင်းမွန်စေရန်အတွက် မုန်ညှင်းဆီတစ်ခုတည်းကိုသာ ချက်ပြုတ်စားသောက်ရာ၌ စွဲစွဲမြဲမြဲသုံးစွဲသူများလည်း ရှိသည်ဟု သိရသည်။
တနိုင်တပိုင် မုန်ညှင်းစိုက်ပျိုးသူ ဦးစံအောင်ကျော်က "မုန်ညှင်းဆီကို စားရတာက တန်ဖိုးရှိတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးအတွက်ဆို ခုခံအားများစေတယ်။ သူက အပူဓာတ်ဖြစ်တော့ လေရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးတွေကိုထိန်းသိမ်းပေးတယ်။ တခြားစားသုံးဆီတွေနဲ့ယှဉ်ရင် အရသာလည်း ရှိတယ်"ဟု ပြောသည်။
ယင်းအပြင် ညအိပ်ယာမဝင်မီ (၃) မိနစ်ခန့် ခြေဖဝါးအား မုန်ညှင်းဆီဖြင့်လိမ်းပေးပါက သွေးတိုးခြင်း၊ အမျိုးသားခွန်အားတိုးစေခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ လန်းဆန်းတက်ကြွစေခြင်း၊ အဆီကျစေခြင်း၊ အာရုံကြောအားနည်းသူများအတွက် သင့်လျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဒူးနာ ခါးနာခြင်း၊ အစာအိမ်ရောဂါရှိသူများအတွက် အထူးသင့်လျော်ခြင်း၊ အိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးခြင်းနှင့် ခြေထောက်ဖောရောင်ခြင်းမှ ကာကွယ်ပေးခြင်း စသည့်အစွမ်းသတ္တိများရှိကြောင်းလည်း သိရသည်။
လက်ရှိ ရခိုင်တွင် မုန်ညှင်းဆီတစ်ပိဿာကို ကျပ်နှစ်သောင်းခွဲဈေးရှိသည်ဟု ဆီကြိတ်စက်အချို့ထံမှ သိရသည်။
ပဲဆီတစ်ပိဿာကိုဆိုလျှင် ကျပ်နှစ်သောင်းခြောက်ထောက်မှ နှစ်သောင်းရှစ်ထောင်အထိဈေးရှိကြောင်းလည်း သိရသည်။
မုန်ညှင်းကို နိုဝင်ဘာလ အစောပိုင်းတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း သိရသည်။
စိုက်ပျိုးချိန်အတွင်း အပင်အရေအတွက်ပြည့်လျှင် စိုက်ပျိုးသူအတွက် တန်ဖိုးရှိပြီး အပင်မပြည့်လျှင် ဆုံးရှုံးမှုများဖြစ်စေနိုင်သည်ဟုလည်း ရခိုင်မှ မုန်ညှင်းစိုက်ပျိုးနေသူ ဦးဦးထွန်းဝင်းက နိရဉ္စရာကို ပြောသည်။
"စိုက်ပျိုးချိန်မှာ စိန်ခေါ်မှုတရပ်ကတော့ အဖျက်ပိုးကိုနိုင်အောင် နှိမ်နှင်းရတယ်။ မြေဩဇာကျွေးချိန်မှာ မြေဩဇာကျွေးရတယ်။ အပင်တွေအားနည်းတဲ့အချိန် ရေတွေဘာတွေဖျန်းပေးရတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်စာရင်းအရ ရခိုင်တွင် မုန်ညှင်းအပါအဝင် မြေပဲ၊ နေကြာနှင့် နှမ်းစသည့် ဆီထွက်သီးနှံများကို ဧကပေါင်း ၉၈,၁၅၆ စိုက်ပျိုးခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် ၁၁၀,၈၅၃ ဧကစိုက်ပျိုးနိုင်ခဲ့သည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။
ဓာတ်ပုံ - ရခိုင်မှ မုန်ညှင်းစိုက်ခင်း၊ မုန်ညှင်းစေ့များနှင့် မုန်ညှင်းဆီကြိတ်ရန်ပြင်ဆင်နေမှုတို့ကို ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တွေ့ရစဉ်။







