ကချင်ပြည်နယ်အတွင်း ပြည်သူတွေ စစ်ရေးသတင်းနားစွင့်ဖို့ ဗိုလ်မှူးကြီးနော်ဘူ အသိပေး

ကချင်ပြည်နယ်အတွင်း ပြည်သူတွေ စစ်ရေးသတင်းနားစွင့်ဖို့ ဗိုလ်မှူးကြီးနော်ဘူ အသိပေး

ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီး၊ ပူတာအို၊ နောင်မွန်-စတဲ့ မြို့တွေဟာ လက်ရှိအချိန် စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးနေတဲ့ နေရာတွေဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ပြီး ပြည်သူလူထုအနေနဲ့ စစ်ရေးသတင်းနားစွင့်ပြီးတော့ သွားလာကြဖို့ ဗိုလ်မှူးကြီးနော်ဘူက အသိပေးပြောဆိုပါတယ်။

ဝမ်းရေးလုပ်ငန်းဆောင်တာတွေအတွက် သွားလာရေးတွေမှာ စစ်ရေးသတင်းတွေကို အမြဲနားစွင့် သုံးသပ်ပြီး သွားလာကြဖို့ အရေးကြီးတဲ့အပြင် လူစုလူဝေးပြုလုပ်တာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

"ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီး၊ ပူတာအို၊ နောင်မွန် နယ်မြေဘက်တွေဘက် လက်ရှိအချိန် စစ်ကော်မရှင်က စစ်အင်အားနဲ့ စစ်ကြောင်းထိုးနေတဲ့ နေရာတွေဖြစ်တယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေ ဖြစ်တယ်။ သူတို့ အရင်နှစ်က လက်လွှတ်လိုက်ရတဲ့ မြို့၊ ရွာ၊ ပိုစ့်၊ တပ်စခန်းဟောင်း နေရာတွေ အားလုံးကို သူတို့ ပြန်ရနိုင်အောင် အားစိုက်ကြိုးစားနေတာကို မြင်ရတယ်။ အဲဒါကြောင့် သွားရေးလာရေးတွေမှာ စစ်ရေးအခြေအနေ သုံးသပ် နားစွင့်ပြီး သွားလာကြဖို့။ အသင်းတော်အနေနဲ့ ဖြစ်ဖြစ်၊ ရိုးရာအရပဲဖြစ်ဖြစ် လူစုလူဝေးလုပ်တာကို တတ်နိုင်သမျှ သတိထားရဦးမယ့် အချိန်ဖြစ်တယ်လို့ အသိပေးမှာကြားလိုပါတယ်"လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ ဗန်းမော်မြို့ဘက်မှာ နေ့တိုင်းဆိုသလို တိုက်ပွဲတွေရှိနေဆဲ အခြေအနေပါ။

မြေပြင်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဗန်းမော်မြို့ရဲ့ ၃မိုင်၊ တာမိုင်းလုံနယ်မြေဘက်အပြင် ထောက်ပို့တပ်နဲ့ ခလရ ၄၇ တပ်စခန်းတွေဘက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးသွားလာတာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်စခန်းလက်မလွှတ်ရေး ခုခံတိုက်ပွဲတွေ ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ လေကြောင်းကို အားစိုက်အသုံးပြုနေပြီး လေယာဉ်၊ ဒရုန်းတွေနဲ့ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်စစ်မျက်နှာပြင်ဘက်မှာလည်း စစ်ကော်ရှင်တပ်ဟာ ခလရ ၅၈ တပ်စခန်းကို ကာကွယ်တဲ့အနေနဲ့ ဝါရှောင်ဘက်ပါ စစ်ကြောင်းထိုး နေရာယူချင်တာကြောင့် KIA ပူးပေါင်းတပ်တွေ နေရာချထားတဲ့ဘက် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အချိန်မရွေး တိုက်ပွဲဖြစ်တာ ရှိတယ်လို့လည်း ထပ်မံသိရှိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိုင်းတောင်၊ လုံးခင်း၊ မရှီကထောင်ဘက် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာရှိပြီး တိုက်ပွဲဆက်တိုက်ဆိုသလို ရှိတဲ့အပြင် ပြည်သူတွေအနေနဲ့လည်း မြေပြင်သေနတ်သံမြည်တာနဲ့ တတ်နိုင်သမျှ လေကြောင်းသတိထားရမယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ထပ်မံသတိပေးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်တာအတွင်း ဗန်းမော်၊ ဖားကန့်နဲ့ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁) နယ်မြေဘက်တွေဘက် တိုက်ပွဲဖြစ်ပွားတာရှိပြီး တိုက်ပွဲပေါင်း ၂၆ အထိ ရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ဖော်ပြထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။

ဒါ့အပြင် အဲဒီ ၂ ပတ်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာအပြင် လက်နက်ကြီးတိုက်ခိုက်တာ အများဆုံးဟာ ဗန်းမော်စစ်မျက်နှာပြင်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

February 19, 2026
ရှမ်းမြောက်၊ မုံးစီးဒေသတွင်းက ရွှေတူးဖော်မှုကိုတားဆီးရင်း လူထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့...
February 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စု...
February 17, 2026
အာဏာသိမ်းကာလ ၅ နှစ်အတွင်း ကြီးမားတဲ့ ထောင်တွင်းဆန္ဒပြလှုပ်ရှားမှု ၁၈ ကြိမ် ထက်မနည်း...
February 12, 2026
အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ကို အရေးယူမယ့် BRAVE Burma Act...