ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း KTVနဲ့ Bar တွေတဖြေးဖြေးများလာနေတယ်လို့ဒေသခံတွေ ပြောပါတယ်။
ယခင်စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မတိုင်မှီအထိ ပူတာအိုမြို့ပေါ်မှာ KTV တစ်ခုသာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်း ငါးနှစ်သာအတွင်း KTV ၆ ခုနဲ့ Bar တစ်ခုအထိ တိုးလာကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အရင်ကတော့တစ်ခုပဲရှိတယ်။ မကျော့ဝါ KTVတစ်ခုပဲ။ အခုနောက်ပိုင်းများလာတာဟုတ်တယ်။ ဒီသုံး၊ လေးနှစ်အတွင်းမှာ ငါးခုထပ်တိုးလာတယ်။ အခုဆို Bar ဆိုင်လည်း တစ်ခုတိုးလာတယ်။ညဘက်ဆို KTV နားကလူတွေက ဆူညံနေတာပဲ။ အိပ်လို့တောင် မရဘူး။ မနက် နှစ်နာရီသုံးနာရီအထိဖွင့်ကြတာ KTVတွေက”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
စစ်အာဏာမသိမ်းမီတုန်းက ပူတာအိုမြို့ပြင် မကျော့ဝါရပ်ကွက်ထဲက Bamboo KTV တစ်ခုသာရှိပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ဂျူဗလီရပ်ကွက်မှာတစ်ခု၊ ဒုတ္တန်ရပ်ကွက်မှာ နှစ်ခု၊ လေယာဥ်ကွင်းရပ်ကွက်မှာတစ်ခုနဲ့ မကျော့ဝါရပ်ကွက်မှာ နောက်ထပ်အသစ်တစ်ခုတိုးလာပြီး စုစုပေါင်း KTV ငါးခုအထိထပ်တိုးလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနှစ်ပိုင်းထဲ ဒုတ္ထန်ရပ်ကွက်ထဲမှာ Bar တစ်ခုလည်း ထပ်ဖွင့်ထားကြောင်း သိရပါတယ်။
စစ်အာဏာမသိမ်းမီတုန်းကတော့ ပူတာအိုမြို့ပေါ်မှာ Bar ဆိုင်ဖွင့်တာ၊ KTV တွေအသစ်တိုးချဲ့ဖွင့်လှစ်တာတွေကို ဒေသတွင်းက ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရိုးရှာယဥ်ကျေးမှုအဖွဲ့တွေက တားမြစ်ခဲ့ကြပေမယ့် အခုနောက်ပိုင်း အဖွဲ့အစည်းတွေကိုဂရုမစိုက်ဘဲ KTV တွေ ဘားဆိုင်တွေတိုးချဲ့ဖွင့်လှစ်လာနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက KNG ကို ပြောပါတယ်။
“ဘယ်သူတွေနဲ့ ဘယ်လိုညှိယူပြီးလုပ်ကြသလဲတော့ မသိဘူး။ ဟိုတုန်းကဆိုရင် ပူတာအိုမှာ Bar ဆိုင်ဖွင့်ချင်တဲ့လူတွေရှိတယ်။ ဒါပေမယ့် မြို့ခံ လူကြီးတွေက မဖွင့်ခိုင်းဘူး။ ဘာသာရေးနဲ့ယဥ်ကျေးရွာအဖွဲ့တွေက ကန့်ကွက်တယ်လေ။ အဲ့ဒါကြောင့် ပူတာအိုမှာ အရင်က Bar တွေမရှိတာ။ KTVတွေဆိုလည်း မရှိသလောက်ပဲ။ အခုတော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး။ Bar တွေလည်း ဖွင့်လာကြတယ်”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။
မကျော့ဝါရပ်ကွက်ထဲက KTV တစ်ခုနဲ့ Bar ဆိုင်ကတော့ လူနေအိမ်တွေနဲ့ဝေးပေမယ့် ဒုတ္ထန်ရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်တွေထဲက KTV သုံးခုကတော့ လူနေအိမ်တွေနဲ့ကပ်လျက်တွေမှာဖွင့်ထားတာကြောင့် ပတ်ဝန်းကျင်ကပြည်သူတွေအတွက် ဆူညံသံတွေနဲ့စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ သိရပါတယ်။
“ဒုတ္တန်ရပ်ကွက်ထဲက KTV နှစ်ခုဆိုရင် တစ်နေရာထဲမှာပဲ။ ဟိုဘက်လမ်း ဒီဘက်လမ်းပဲခြားတာ။တစ်နေရာမှာ KTVက နှစ်ခုအဲ့နားမှာ။ လူနေအိမ်တွေလည်း အများကြီးပဲ။ ပတ်ဝန်းကျင်ကတော့ မနက်ထိအိပ်မရဘူး။ သူတို့က နှစ်နာရီ၊ သုံးနာရီထိဖွင့်တာလေ။ ပတ်ဝန်းကျင်ကလည်း ဘာမှမတတ်နိုင်ဘူး။ ခံနေရတာ ဆူညံသံတွေနဲ့”လို့ မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ မကျော့ဝါရပ်ကွက်ထဲက Bamboo KTV တစ်ခုသာလိုင်စင်ရထားပြီးကျန်တဲ့ KTV တွေက တရားအဝင် မှောင်ခိုဖွင့်နေတဲ့ KTVတွေလို့ သိရပါတယ်။
ပူတာအိုလို ဝေးလံခေါင်ဖျားပြီးအလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ ဒေသမှာ အခုလို KTVတွေ၊ Bar တွေတနေ့တခြားများပြားလာနေတာဟာ ဒေသခံလူတွေအတွက် စိုးရိမ်စရာဖြစ်သလို တချို့လူငယ်တွေလည်း KTV တွေထဲဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေရှိနေကြောင်း သိရပါတယ်။
အသစ်ထပ်တိုးလာတဲ့ KTV တွေဟာ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေမှာမှ စတင်ဖွင့်လှစ်လာကြတာလို့ သိရပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ပူတာအိုအပါအဝင် မြို့တော်မြစ်ကြီးနားနဲ့ တနိုင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းတို့လိုမြို့တွေမှာလည်း KTV နဲ့ Bar တွေသိသိသာသာများပြားလာနေကြောင်းသိရပါတယ်။







