ရွှေဘို–မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက် ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့နောက်ပိုင်း မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ခရီးသည်တင် Express ကားကြီးတွေနဲ့ကုန်ကားကြီးတွေဟာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးရွှေကိုးပင်ဂိတ်မှာ ပိတ်မိနေတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီလို့ ခရီးသွားပြည်သူတစ်ဦးက KNG ကို ပြောပါတယ်။
“အခုကျွန်မတို့ပိတ်မိနေတာက ကျောက်တန်းကွင်းလမ်းမှာဟုတ်တယ်။ ဒီကနေ့နဲ့ဆိုရင် ၁၆ ရက်ရှိပြီတချို့လူတွေက ၁၈ ရက်တောင်ရှိပြီလမ်းမှာပိတ်မိနေတာ။ ရှေ့ကားတွေပိတ်မိပြီနောက်ကားတွေကမှီလာတော့ လမ်းမှာတင်ကားတွေပြည့်ကြပ်နေတာ။ ကုန်ကားကြီးတွေ၊ ခရီးသည်ကားကြီးတွေ”လို့ လက်ရှိကွင်းလမ်းပိုင်းမှာပိတ်မိနေတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားနဲ့ မန္တလေးဗျူဟာကားလမ်းပိုင်းရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းကနေ ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်ကနေပိတ်ထားတာဖြစ်ပါတယ်။
“ရွှေကိုးပင်ဂိတ်ကပိတ်ထားတော့ ကွင်းလမ်းကနေသွားနေကြတာ။ ကွင်းလမ်းမှာကလည်းတိုက်ပွဲကပြန်ဖြစ်တော့ ကားတွေဆက်သွားလို့မရဘူး။ ကျောက်တန်းမှာလည်းဖြစ်နေတယ်။ နောက်တစ်ခြားကွင်းလမ်းမှာလည်းပဲ တောက်လျှောက်က ဟိုနားတိုက်ပွဲ၊ ဒီနားတိုက်ပွဲဆိုတော့ ကားတွေဆက်သွားမရဘူးလေ”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဗျူဟာလမ်းပိုင်းကို ရွှေကိုးပင်ဂိတ်ကနေပိတ်ထားသလို ကာကွယ်ရေးတပ်တွေဘက်ကလည်းရွှေကိုးပင်ဂိတ်အကျော်ကနေ ဗျူဟာလမ်းပိုင်းကိုထပ်မံပိတ်စို့ထားတာကြောင့် ကားသမားတွေဟာ ကွင်းလမ်းကိုပဲသုံးပြီးသွားနေရကြောင်း သိရပါတယ်။
“ရွှေကိုးပင်ဂိတ်ကအမြဲလိုလိုပိတ်နေတာတော့ မဟုတ်ဘူးဗျ။ နှစ်ရက်သုံးရက်ကြာတခါ နာရီပိုင်းနဲ့ပိတ်မိနေတဲ့ကားတွေ လွတ်လွတ်ပေးတာရှိတယ်။ သို့ပေမယ့် ရွှေကိုးပင်ကျော်တာနဲ့မပြီးသေးဘူး။ ရှေ့မှာလည်း ကာကွယ်တပ်တွေကစစ်ရေးခြေနေကြောင့်ဆိုပြီး လမ်းကထပ်ပိတ်ဆိုတော့နောက်ဆုံးကွင်းလမ်းကပဲ သွားနေရတာ”လို့ ယင်းလမ်းပိုင်းမှာမောင်းနင်နေတဲ့ကားသမားတစ်ဦးက ပြောပါတယ်။
နှစ်ဖက်အဖွဲ့အစည်းက ဗျူဟာကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကား၊ ခရီးသည်ကားတွေဟာ လွှဲဆိပ်၊ အင်းရွာ၊ တောင်ဒုံ၊ ကုက္ကိုန်း၊ ကျောက်တန်း၊ ပေကြီး၊ တောင်ပုံ၊ ဒိုင်းပင်စတဲ့ကွင်းလမ်းတွေကိုအသုံးပြုသွားလာနေရကြောင်း သိရပါတယ်။
အထက်ဖော်ပြပါကွင်းလမ်းတွေဟာ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်းနယ်တွေထဲမှာရှိပြီး အဲ့ဒီနယ်တွေထဲ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေနေ့စဥ်နဲ့အမျှတိုက်ပွဲတွေဖြစ်နေတာဖြစ်ပါတယ်။
ရွှေဘိုနဲ့မြစ်ကြီးနားကားဟာ ယခင်ဗျူဟာကားလမ်းပိုင်းမပိတ်ခင်ပုံမှန်အားဖြင့် ကားနဲ့တစ်ရက်ခရီးသာရှိပေမယ့် ဒီနောက်ပိုင်းမှာတော့ ကွင်းလမ်းအသုံးပြုရတာ၊ ကားလမ်းပိုင်းပိတ်တာတွေကြောင့် ၁၀ ရက်ကနေ့ ၁၈ ရက်ဝန်းကျင် အထိခရီးကြန့်ကြာနေကြောင်း သိရပါတယ်။
အခုလိုဗျူဟာကားလမ်းပိုင်းပိတ်ထားပြီး ကွင်းလမ်းအသုံးပြုနေရတဲ့အတွက် လက်ရှိ ကချင်ပြည်နယ်ဘက်က ကုန်သည်တွေအတွက်လည်း ကုန်ပစ္စည်းသယ်ယူဖို့အခက်အခဲတွေနဲ့ကြုံတွေ့နေရကြောင်း မြစ်ကြီးနားမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက KNG ကို ပြောပါတယ်။
“ဟိုလ ၂၆ (ဇန်နဝါရီ နှစ်ဆယ့်ခြောက်) ရက်နေ့က မန္တလေးဂိတ်တင်ထားတဲ့ကုန်တွေ အခုထိမရောက်လာသေးဘူးလေ။ ဒီမှာရှိထားတဲ့ပစ္စည်းတွေကလည်း ပြတ်နေပြီ။ နောက်ထပ်ပစ္စည်းအသစ်ကထပ်မရောက်လာသေးဘူး။ အရင်ကဆို ၁၀ ရက်ကျော်ကျော်ဆိုရောက်ပြီ။ အခုက ရက် ၂၀ တောင်ရောက်တော့မယ်။ ခုထိမရောက်လာသေးဘူးကုန်က”လို့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းက ကွင်းလမ်းအသုံးပြုသွားလာနေရတာဖြစ်ပေမယ့် ယခင်နှစ်တွေမှာတော့ တစ်ပတ်ကနေ ၁၀ ရက်ဝန်းကျင်အထိ ကြာမြင့်တတ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီနှစ်ထဲကနေတော့ ၁၀ ရက်ကနေ ရက် ၂၀ နီးပါးအထိကိုလမ်းခရီးကြန့်ကြာနေတာကြောင့် ကုန်သည်တွေ၊ ကားသမားတွေနဲ့ ခရီးသွားတွေအတွက်အခက်အခဲအမျိုးမျိုးကြုံနေရကြောင်း သိရပါတယ်။
အထက်ဖော်ပြပါအခြေအနေတွေကြောင့် ကချင်ပြည်နယ်ဘက်မှာ ကုန်စည်ပြတ်လပ်မှုနဲ့ကုန်စည်ရှားပါးမှုတွေမကြာခနကြုံနေရပြီး နောက်ဆက်တွဲကုန်စျေးနှုန်းကြီးတဲ့ ပြဿနာတွေကိုလည်းကချင်ပြည်နယ်သူပြည်နယ်သားတွေ မကြာခနကြုံတွေ့နေကြရတာဖြစ်ပါတယ်။







