ဗန်းမောက်မြို့အလုံးစုံကို SNA ပြန်လည်ထိန်းချုပ်

ဗန်းမောက်မြို့အလုံးစုံကို SNA ပြန်လည်ထိန်းချုပ်

ဗန်းမောက်မြို့ကို ၄ လကျော်ကြာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြန်လည်သိမ်းပိုက်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာဘဲ အင်အားရာနဲ့ချီရှိတဲ့ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဗန်းမောက်မြို့ကိုတော့ သူတို့ကအကုန်လုံးရသွားပြီ။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အကုန်လုံးဆုတ်ခဲ့ရပြီပေါ့။ မြို့တွင်းကို သူတို့ကအားလုံးထိန်းချုပ်သွားတာလို့ပြောရမှာပေါ့”လို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားဆဲဖြစ်တဲ့ ဗန်းမောက်မြို့ တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေအထိ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်စစ်ကြောင်းတွေ ပြန်လည်လှုပ်ရှားလာနိုင်တဲ့အခြေနေကို စိုးရိမ်ရတယ်လို့ပြောကြပါတယ်။

ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်သွားပြီးနောက် ဟုမ္မလင်းမြို့ မှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ဗန်းမောက်နယ်မြေခံ SNA တပ်တွေပူးပေါင်းပြီး မြို့ပြန်လည်ရရှိရေးကြိုးစားနေခဲ့တာ ဖြစ်ပြီး ၄ လကျော်အကြာမှာ ပြန်လည်သိမ်းပိုက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီထိုးစစ်မှာ စစ်ကော်မရှင်က SNA တပ်ကို လူအင်အားအပြင် နည်းပညာမြင့် အသေခံဒရုန်းနဲ့ ကင်းထောက်ဒရုန်းတွေအပါအဝင် လေကြောင်းနေ ဂျက်ဖိုက်တာ၊ Y12 ရဟတ်ယာဥ်တို့နဲ့ တိုက်ပွဲအတွင်းဆက်တိုက်အကူညီပေးခဲ့တာလို့သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တကယ်တော့ SNA က စစ်အင်အားနဲ့လက်နက်အင်အားအရမ်းတောင့်တယ်။ စစ်ရေးကလည်းအရှိန်ရနေတာပေါ့လေ။ သူတို့ကို စစ်ကောင်စီကလည်းကူညီပေးနေတယ်။ တိုက်စရာကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေပဲရှိတယ်။ ဗန်းမောက်မှာသုံးတဲ့လက်နက် တွေက နည်းပညာမြင့်တဲ့ဒရုန်းတွေပေါ့လေ။ လေကြောင်းကနေလည်းတိုက်ခိုက်တာပေါ့”လို့ပြောပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ KIA ပူးပေါင်းတပ်တွေက စတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်ကနေ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်ထားကြတာဖြစ်ပါတယ်။

ဒါ့အပြင် လက်တလောမှာလည်း ကချင်နဲ့စစ်ကိုင်းအစပ်က ကသာမြို့သိမ်းတိုက်ပွဲကြောင့်လည်း မြို့တွင်းနေထိုင်တဲ့ အရပ်သား အများစုဟာ ဘေးလွှတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေပြန်လည် ပြင်းထန်နေပြီး ထီးချိုင့်မြို့နဲ့ကပ်လျှက်က ကသာမြို့မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ ဒီရက်ပိုင်းမှာ ပြန်လည်ငြိမ်သက်နေတယ်လို့သိရပါတယ်။

March 5, 2026
ချီဖွေမြို့နယ် ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်ပြီး အခြေခံစားသောက်ကုန်တွေ ပုံမှန်အတိုင်းပြန်ဝင်နေပြီလို့...
March 4, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်လုယက်ခံတာတွေ...
March 2, 2026
KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက်...
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပူတာအိုဒေသမှာ စစ်တပ်ထောက်ခံသူတွေက KIA နဲ့ PDF ကိုဆန္ဒပြထုတ်ဖော်ခဲ့
February 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို...