ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင် နေ့စားအဖြစ်အလုပ်လုပ်ကိုင်နေကြသော လုပ်သားရာချီထိန်းသိမ်းလိုက်သည့်အပေါ် ဒေသခံမျးအကြား ဝေဖန်မှုများ ရှိလာနေသည်။
ZFU/PDF-Zoland အဖွဲ့သည် ဖေဖော်ဝါရီလဆန်းပိုင်းက တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းခင်းများမှာ နေ့စားအလုပ်သမား အဖြစ် ဒေသစုံမှ သွားရောက်လုပ်ကိုင်နေကြသော အလုပ်သမားပေါင်း ၂၀၀ ကျော် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ PDF-Zoland နှင့် နီးစပ်သူတစ်ဦးက “PDF-Zoland က ခေါ်ဆောင်သွားတယ်ဆိုတာ မှန်ပါတယ်။ လုပ်သားအားလုံးနီးပါး အယောက် ၂၀၀ ကနေ ၃၀၀ ကြားရှိမယ်။ အခုက ဘိန်းစေးထုတ်တဲ့အချိန်ဆိုတော့ ရှိသမျှလူတွေ အကုန်ထွက်လုပ်ကြတာပေါ့။ ကလေးရော လူကြီးရော အကုန်စုပုံမယ်ထင်တယ်။ နေ့တွက်ပေးတာကလဲ ကျပ် ၁၅,၀၀၀ - ၃၀,၀၀၀ ကြားလောက်ဆိုတော့ ရှိသမျှလူတွေ အကုန်ထွက်ကြတာပေါ့နော်။ အဲဒီဒေသက စိုက်ပျိုးရေး သိပ်မဖြစ်ထွန်းတော့ တခြားလုပ်စရာရှားလို့ ဘိန်းစိုက်အလုပ် လုပ်ကြတာများတယ်။ PDF-Zoland ဘက်ကတော့ အစကတည်းက တားထားပြီးသားဆိုတော့ အခုက အရေးယူတဲ့အပိုင်းလို့ မြင်ပါတယ်။” ဟု ပြောသည်။
PDF-Zoland ၏ ထုတ်ပြန်ချက်တွင် ထိန်းသိမ်းထားသည့် လုပ်သားများအနက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း မဟုတ် သူများ၊ အိမ်ထောင်ဦးစီးများနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများ၊ တစ်ဦးတည်းသား/သမီးများနှင့် တော်လှန်ရေးတပ်ဖွဲ့တွင် ပါဝင်ပြီးသား မိသားစုများအား ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ကျန်ရှိသူများကို ပြည်သူ့အတွက် တာဝန်ထမ်းဆောင်သူများ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ဖလမ်းနှင့် တီးတိန်မြို့နယ်စပ်ရှိ စီးယင်းနှင့် ဒိမ်ဒေသကြား၊ အထူးသဖြင့် ခိုင်ကမ်း-ခမ်းပါတ်လမ်းပိုင်းတစ်လျှောက်သည် လူဦးရေထူထပ်ပြီး လူမျိုးစုံနေထိုင်ရာဒေသဖြစ်ကြောင်း၊ ပထဝီအနေအထားအရ အခြားစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်း မှုအားနည်းကာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလွန်းသဖြင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးသည့် လုပ်ငန်းကိုသာ အဓိကအားထားလုပ်ကိုင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဘိန်းခင်းဖျက်ဆီးရေး စစ်ဆင်ရေးသည် ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြစ်သော်လည်း အခြေခံလုပ်သားများကို ဖမ်းဆီးအပြစ်ပေးခြင်းထက် ဘိန်းစိုက်ပျိုးမှု၏ ပင်မအရင်းအမြစ် ဖြစ်သော စိုက်ခင်းပိုင်ရှင်များကိုသာ ထိရောက်စွာ နှိမ်နင်းရန်လိုအပ်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။
“ဘိန်းစိုက်တာ အမှန်တကယ် ဖျက်ချင်တယ်ဆိုရင် အလုပ်သမားတွေကို ဖမ်းတာထက် စိုက်ခင်းပိုင်ရှင်တွေကို ဖမ်းဖို့ လိုအပ်တယ်။ အခုဟာက အမြစ်ကိုမဖျက်ဘဲ အကိုင်းကိုပဲ ဖျက်နေသလို ဖြစ်နေတယ်။ နောက်တစ်ခုက ဘိန်းအစားထိုး တရားဝင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ အခု ရွာဘက်ကလူတွေပြောတာက တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ခေါင်းကြီးပိုင်းတွေ ချမ်းသာလာတယ်ဆိုတော့ ရည်ရွယ်ချက်၊ရည်မှန်းချက်တွေပျောက်ပြီး၊ တော်လှန်ရေး လုပ်ငန်းတွေ ပျက်သွားမှာစိုးရိမ်ကြတယ်ပေါ့ဗျာ။” ဟု တီးတိန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် လုပ်သားများအား စစ်မှုထမ်းစေရန် ဆောင်ရွက်ခြင်းနှင့်ပါတ်သက်၍လည်း တော်လှန်ရေးအဖွဲ့အစည်းများသည် မှန်ကန်သည့် တရားစီရင်ရေးလမ်းကြောင်းအစား လက်နက်အားကိုးဖြင့် အလွယ်နည်းလမ်းကို သုံးစွဲနေခြင်းဟု ယူဆနိုင် ဖွယ်ရှိကာ ရေရှည်တွင်တော်လှန်ရေးအပေါ် ပြည်သူ့ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
“လူ့အခွင့်အရေး စံနှုန်းအရ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို (စစ်ကောင်စီဖြစ်စေ၊ PDF ဖြစ်စေ) လူတစ်ဦး တစ်ယောက် ကို မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်ထဲသွင်းတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ အထူးသဖြင့် အပြစ်ပေးတဲ့ အနေနဲ့ စစ်ထဲသွင်းတာဟာ ဒီမိုကရေစီစံနှုန်းကို သွားချင်တဲ့ အဖွဲ့အစည်းတစ်ခုအတွက် အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ပါ။ ဒါဟာ ပြည်သူကို ကာကွယ်ရမယ့်အစား ပြည်သူကို အင်အားသုံး ခိုင်းစေတာ ဖြစ်သွားတဲ့အတွက် အာဏာရှင်စနစ်နဲ့ ပုံစံတူ သွားနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘိန်းမစိုက်စေချင်ရင် တောင်သူတွေအတွက် တခြားဝင်ငွေရမယ့်လမ်းကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ဒါကို မလုပ်ပေးနိုင်ဘဲ ဖမ်းဆီးတာဟာ အပေါ်ယံ ပြဿနာကိုပဲ ဖြေရှင်းပြီး အမြစ်ကို မဖြေရှင်းတာ ဖြစ်ပါတယ်။” ဟု တီးတိန်ဒေသခံအမျိုးသမီးတစ်ဦးက သုံးသပ်ပြောဆိုသည်။
တဖက်တွင်လည်း ဘိန်းစိုက်တောင်သူများမှာ အခြေခံလူတန်းစားများဖြစ်သဖြင့် ၎င်းတို့ကို ဖမ်းဆီးအပြစ်ပေးခြင်းထက် အစားထိုး ဖွံ့ဖြိုးရေးကို ဦးစားပေးသင့်ကြောင်း ကုလသမဂ္ဂ (UN) မူဝါဒများကို ကိုးကား၍ ထောက်ပြခြင်းများလည်း ရှိနေသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ မူဝါဒအရ ဘိန်းစိုက်ပျိုးမှုကို ဖြေရှင်းရာတွင် တောင်သူများကို ဖမ်းဆီးအပြစ်ပေးခြင်းထက် ဆင်းရဲမွဲတေမှုကြောင့် မလွှဲမရှောင်သာ စိုက်ပျိုးရသည့် အခြေခံအကြောင်းရင်းကို ဦးစားပေး ဖြေရှင်းရန် တိုက်တွန်းထားသည်။
ထိုသို့ဖြေရှင်းရာတွင်လည်း အင်အားသုံးဖျက်ဆီးခြင်းထက် အစားထိုးဖွံ့ဖြိုးရေး (Alternative Development) လမ်း ကြောင်းဖြင့် တခြားဝင်ငွေရလမ်းများ ဖန်တီးပေးရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် အလေးပေးထားပြီး၊ တောင်သူငယ်များထက် မူးယစ်ဆေးဝါးမှ အကျိုးအမြတ်ထုတ်နေသည့် လက်ဝေခံများနှင့် ပိုင်ရှင်ကြီးများကိုသာ ပစ်မှတ်ထားနှိမ်နင်းရန် လမ်းညွှန်ထားသည်။
ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်းစိုက်ပျိုးမှု တတိယအများဆုံး ပြည်နယ်တစ်ခုဖြစ်လာပြီး ၂၀၂၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း UNODC က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၈၃၂ ဟတ်တာဝန်းကျင် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဟတ်တာ ၁၀၄၀ ကျော်အထိ မြင့်တက်လာသည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့ရုံး (UNODC) ၏ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်သည့် ၂၀၂၅ မြန်မာ့ဘိန်းစစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားသည်။







