ကော့စ်ဘဇားနှင့် စစ်တကောင်းတောင်ပိုင်းဒေသများတွင် ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်၍ လူအများအပြား ဖမ်းဆီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ မတိုင်မီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်းနှင့် ပတ်ဝန်းကျင်များတွင်သာမက ကော့စ်ဘဇားဒေသတစ်လျှောက် လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း စစ်တပ်တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုပြောကြားသည်။
ကော့စ်ဘဇား ယဉ်ကျေးမှုဗဟိုဌာနတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်၌ ကျင်းပသော ပူးပေါင်းတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် ရာမူး အခြေစိုက် ၁၀ ခြေလျင်တပ်မဟာမှ ဒုဗိုလ်မှူးကြီး တန်ဗီရ် အာဟမက်က ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။
စခန်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် စစ်သားအင်အားတိုးမြှင့်ချထားထားပြီး စစ်ဆေးရေးဂိတ်များကိုလည်း တိုးချဲ့ထားကြောင်း၊ ပျက်စီးနေသော လုံခြုံရေးခြံစည်းရိုးများကို ပြန်လည်ပြုပြင်ထားပြီး ပုံမှန်ကင်းလှည့်မှုများနှင့် အကွာအဝေးရှည်ကင်းလှည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
စစ်တပ်သည် လက်နက်ကိုင်ရဲတပ်ဖွဲ့ ( Armed Police BattalionA – PBN) နှင့် အခြား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရိုဟင်ဂျာစခန်းများအတွင်း အနီးကပ် စောင့်ကြည့်ထိန်းသိမ်းလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ဒုဗိုလ်မှူးကြီး စုတပါ ဇော်မန်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဉက္ခီးယာမြို့နယ် ဘာလုခါလီဒေသ၌ ထောက်လှမ်းရေးအချက်အလက်များအပေါ် အခြေခံ၍ ပူးပေါင်းရှာဖွေရေး စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းစစ်ဆင်ရေးတွင် ရိုဟင်ဂျာ စုစုပေါင်း ၇၈၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၁၉၆ ဦး၊ ကလေး ၁၉၇ ဦးနှင့် အသက်ကြီးသူ ၁၈၀ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရိုဟင်ဂျာများကို ဥပဒေမဲ့ နေထိုင်ခွင့်ပေးထားသည်ဟု စွပ်စွဲခံထားရသော ဘင်္ဂလားဒေ့ရှ် နေအိမ်ပိုင်ရှင် ၂၀ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်တကောင်းခရိုင် ချန်ဒါနိုက်ရှ်မြို့နယ် ဗမာရပ်ကွက်၌ ပြုလုပ်သည့် အခြားပူးပေါင်းစစ်ဆင်ရေးတွင် ရိုဟင်ဂျာ ၃၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် RRRC ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အတွင်း စစ်တကောင်းတောင်ပိုင်းနှင့် ကော့စ်ဘဇားဒေသတစ်လျှောက် စစ်တပ်ဦးဆောင်သော ပူးပေါင်းစစ်ဆင်ရေး ၄၆ ကြိမ် ပြုလုပ်ခဲ့ပြီး အမှုအမျိုးမျိုးနှင့် ဆက်နွယ်သူ ၅၉ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တရားမဝင် သေနတ် ၆ လက်၊ ကျည် ၁၄ လုံး၊ လက်လုပ်လက်နက် ၁၁၄ ခု၊ ယာဘာ ၈,၄၅၀ လုံးနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲကာလအတွင်း လွှတ်တော်မဲဆန္ဒနယ် ၄ နေရာတွင် စစ်တပ်ချထားမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် လုံလောက်သော အင်အားချထားထားပြီး မဲရုံတိုင်းအနီး ယာယီစခန်းများ တည်ဆောက်ထားကြောင်း ဒုဗိုလ်မှူးကြီး တန်ဗီရ်က ပြောကြားခဲ့သည်။







