ရခိုင်စစ်ဘေးရှောင် ကလေးငယ်တို့၏ ပညာရေးအတွက် အဟန့်အတားများ

ရခိုင်စစ်ဘေးရှောင် ကလေးငယ်တို့၏ ပညာရေးအတွက် အဟန့်အတားများ
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ တိုးလာလျက်ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးသည့် အရာများက လူမှုဘဝအတွက် ကြီးမားသော ထိုးနှက်ချက်ကြီးဖြစ်နေသည်။

ထိုသို့ စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် အခက်အခဲများစွာအနက် ကလေးငယ်များ၏ ပညာရေးကဏ္ဍသည်လည်း စိုးရိမ်ရဆုံး အခြေအနေတစ်ခုသို့ ရောက်နေသည်။

ယခုနှစ် အာရက္ခတပ်တော်က စာသင်ကျောင်းများဖွင့်လှစ်ပြီး ပညာရေးကို စနစ်တကျလည်ပတ် နေသော်လည်း စစ်ဘေးရှောင် ကလေးငယ်အချို့မှာ အမျိုးမျိုးသော အခက်အခဲတို့ကြောင့် ကျောင်းပြင်ပ ရောက်နေကြရသည်။

“ကျမ အခုလုပ်နေတာတောင် တစ်ရက်မှာငါးထောင် (ပိုက်ဆံ)ရတာ။ စားသောက်ဖို့ ကြည့်လိုက်ရင်တောင် တစ်ရက်မှာ ငါးထောင်ရတာနဲ့ မလောက်ဘူး။ ပညာသင်မှာကိုတောင် ထားလိုက်အုံး။ စားစရိတ်တောင် လိုက်မမီဘူး” ဟု ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် မမဲကြည်က ပြောသည်။

စစ်ဘေးရှောင်စခန်းမှာ ယခင်ကဲ့သို့ ကူညီထောက်ပံ့မှုလည်း အလွန်နည်းပါးသဖြင် နေ့စဉ် စားဝတ် နေရေးအတွက်ကိုပင် ခက်ခဲစွာ ဖြေရှင်းနေကြရသည်။

တစ်နေ့လုပ်အားခ အများဆုံး ၂၀,၀၀၀ ခန့်ရှိသော်လည်း ခေါက်ခိုက်နေသော ကုန်ဈေးနှုန်းမြင့်တက် မှုအောက်တွင် မိသားစုစားစရိတ်ပင် လောက်ငှမှုမရှိသဖြင့် သားသမီးများ၏ ပညာရေးကို ထောက် ပံ့ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။

ကျောင်းသုံးစရိတ်အတွက် အခြေခံလိုအပ်သော စာအုပ်စာတမ်းနှင့် ခဲတံ၊ ဘောပင် စသည့် အသုံးအဆောင်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ကလေးငယ်များ ကျောင်းတက်ချင်သော်လည်း မိဘများ၏ အခက်အခဲကိုကြည့်ကာ ဆိတ်ငြိမ်နေကြရသည်။

“ကလေးတွေက ကျောင်းတက်ချင်တယ်။ ဒါပေမဲ့ မတက်ရဘူး။ ကိုယ့်အရည်အချင်းကို မြင်တော့ သားသမီးက မတောင်းရဲဘူး။ ကျောင်းတက်ဖို့ လွယ်တာ မဟုတ်ဘူး။ ဖတ်စာအုပ်က တစ်ခုကို တစ်သိန်းနှစ်သောင်းတောင်းတယ်။ သူတို့က ကျောင်းတက်ချင်ပေမဲ့ စာရေးကိရိယာဖိုးတွေ ဈေးကြီးတော့ မတက်နိုင်ဘူး” ဟု နောက်ထပ် ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် ကျောင်းသား မိခင် ဒေါ်ဆန်းနုက ပြောသည်။

ထိုသို့ အကျပ်အတည်းများကြောင့် အခြေခံပညာရေးကိုပင် ဆက်လက်မသင်ကြားနိုင်ဘဲ အနာဂတ်ပျောက်ဆုံးနေသည့် စစ်ဘေးရှောင်ကလေးငယ်များ၏ ဘဝမှာ စစ်မီးလျှံများကြားတွင် မီးစာကုန်ခါနီး ဆီမီးအလား ဖြစ်နေရရှာသည်။

တစ်ဖက်တွင်လည်း စစ်ဘေးရှောင်စခန်းမှ အသက်ကြီးသည့် ကလေးငယ်များမှာ အငယ်များကို ဦးစားပေးရန်အတွက် ပညာရေးကို စွန့်လွှတ်လိုက်ရမှုများလည်း ရှိနေပြန်သည်။

၎င်းတို့သည် စာသင်ခန်းထဲတွင် ရှိနေမည့်အစား တောင်တက်ခြင်း၊ ထင်းခုတ်ခြင်းနှင့် အခြားသော ကြမ်းတမ်းသည့် အလုပ်ကြမ်းများကို လုပ်ကိုင်ကာ မိသားစုကို ကူညီနေရသည်။

ကျောက်ဖြူနယ်၊ ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးနိုင်လင်းထွန်းက”အခုက စစ်ရှောင်တွေမှာ မိဘတွေကလည်း စားဝတ်နေရေး အဆင်မပြေတော့ သူ့သားသမီးကို စာရေးကိရိယာနဲ့ တခြားဟာတွေ ဝယ်ပေးနိုင်မယ့်အစား သူတို့စားဝတ်နေရေးကိုတောင် သူတို့ မနည်းပြေလည်အောင် ဖြေရှင်းနေရတော့ သူတို့သားသမီး ပညာရေးကို စိတ်ထဲမှာ ရှိရင်တောင် မလုပ်ပေးနိုင်တာတွေ အများကြီးရှိတယ်” ဟု ပြောသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းတွင် ကလေးငယ် (၅) သန်းခန့်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရပြီး ထိုအထဲ ရခိုင် စစ်ဘေးရှောင် ကလေးငယ်များလည်း အပါအဝင်ဖြစ်သည်။

မကြာမီ အတန်းတင်စာမေးပွဲများ ဖြေဆိုရတော့မည်ဖြစ်သော်လည်း ယနေ့ထက်တိုင် စာအုပ်နှင့် ခဲတံ မကိုင်ရသေးသည့် ကလေးငယ်များစွာ ရှိနေဆဲဖြစ်သည်။

ရခိုင်က စစ်ဘေးရှောင်ကလေးများ၏ ပညာရေးမြှင့်တင်မှုတွင် လက်ရှိ အာရက္ခပြည်သူ့ အစိုးရအပြင် ပြည်တွင်း၊ ပြည်ပ လူမှုကူညီရေးအဖွဲ့အစည်းများအနေဖြင့် အင်တိုက်အားတိုက် ပါဝင်ကူညီရန် အရေးတကြီး လိုအပ်လျက်ရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...